Home
ဆောင်းပါး
ခေတ်ဆွေးကို ပြောင်းပြန် ခေတ်သစ်ကို စီမံ
DVB
·
September 18, 2022
20PKLS17922SAT (1)

( က )

မနှစ်က နွေဦးကတည်းက အလုပ်တွေ တာဝန်တွေကို ပစ်ချထားခဲ့ပြီး ရောက်ရာပေါက်ရာ ပျံသန်းလာခဲ့ရတဲ့ လေရှီးကဖေကြီးဟာ ဟောသည်အဘစောမူးသာတို့ရွာကလေးမှာ အခြေကျသလို ဖြစ်နေပါပေါ့လား။ ဒီရွာလေးမှာ နေတယ်ဆိုပေမဲ့ နောက်တိုးမိတ်သစ်ဆွေသစ်တွေ ကောင်းမှုကြောင့် သည်ရွာဝန်းကျင် သည်ဒေသက တခြားသော ရွာလေးတွေကိုလည်း  ရောက်ဖြစ်တတ်ပါသဗျ။

အဘစောမူးသာတို့ အဘရစ်ချတ်တို့ရဲ့ငယ်ပေါင်း အဘလုံးတုံးတို့ရွာကိုလည်း တစ်ခေါက် ရောက်ဖြစ်ခဲ့ပါသေးတယ် ခင်ဗျ။ အခုလည်း နောက်တစ်ခေါက်ထပ်ရောက်ဖို့ ဖန်လာပြန်ပါပေါ့။

"ဖေကြီးရေ မင့်အဘ တောကြက်ကြီးလုံးတုံး ဘဲသားလာချက်ကျွေးပြီး ပြန်သွားတာ မကြာသေးဘူးနော် "

"ဟုတ်တယ်လေ အဘစောမူးသာ၊ အဲသည်နေ့က အဘတို့တွေ ' စစ်ချီတေး' တွေတောင်မှ ဟစ်ခဲ့ကြသေးတယ်လေ "

" ဟားဟား ဟားဟား ဟားဟား . . အေးကွ"

" မောင်ကြီးတို့ ဘယ်ရွာသား . . . . ပုဂံသားလော . . .တကောင်းသားလော . . . . ပြောပါစ ခွန်းတုံ့ပြန်စကား . . . . . . "

" ဟားဟား ဟားဟား ဟားဟား . . . ဖေကြီးလည်း ဘယ်သံထူထူကြီးပဲ . . . နိတ်သဟ "

" ဟားဟား ဟားဟား ဟားဟား . . . "

အဘလုံးတုံးက သူတို့ရွာဘက် တစ်ရက်တော့ လာခဲ့ကြအုံးလို့ ဖုန်းလှမ်းဆက်ပါသတဲ့။ မင်းရယ် ငါရယ် သွားကြတာပေါ့ကွာတဲ့။ သွားလေ အဘစောမူးသာလို့ ပြောပြီး စစ်ပြန်ကြီး အဘလုံးတုံးရဲ့ အကြောင်းတွေကို ပြောဖြစ်ကြပါတယ်။

အဘလုံးတုံးဟာ သူ့လိုပဲ ' ဂီတ ' ကို ဝါသနာပါပုံ၊ ' သီချင်း ' တွေကို ချစ်ပုံ စုံလို့ဗျ။ ပြီးတော့ သူဟာ ပြည်သူ့အတွက် ' စစ်သည်တော်ကောင်း 'တစ်ဦးဖြစ်ခဲ့တယ်ဆိုတာလည်း ပြောပြပါတယ်။

" ပေါင်းကြည့်ရင်း ပေါင်းကြည့်ရင်းကနေ သိလာရပါတယ် အဘစောမူးသာရဲ့ "

" အင်း . . . မင့်အဘ တောကြက်ကြီးလုံးတုံးဟာ ' အရာရှိ ' ဖြစ်ခဲ့ရမှာကွ "

" အဘစောမူးသာလား တစ်ခါကပြောတာလေ၊ အဘလုံးတုံး ' ဗိုလ် ' မဖြစ်ခဲ့တဲ့အကြောင်း "

" အေးကွ . . . ' ဗိုလ် ' သာ မဖြစ်ခဲ့တာ၊ ' ဗိုလ်လောင်း ' တွေနဲ့တော့ သုံးလေးနှစ် နေခဲ့ဖူးတဲ့ ' တပ်ကြပ်ကြီး ' ကွ . . . ဟ ဟ ဟ "

အဘစောမူးသာပြောပြ၍ အဘလုံးတုံး မေမြို့ ' စစ်တက္ကသိုလ် ' မှာ တာဝန်ကျခဲ့သေးတာကို သိခွင့်ရခဲ့ပြန်ပါလေ၏။ ' ဗိုလ်လောင်း' တွေနှင့် လပေါင်းများစွာ ' ထိတွေ့' ခဲ့ရသူပါတဲ့ ခင်ဗျ။ မင်း ကြုံရင် စစ်တက္ကသိုလ်တုန်းက အတွေ့အကြုံလေးတွေ သူ့ကို မေးကြည့်ကွတဲ့။ 

( ခ )

အဘလုံးတုံးအိမ်မှာ တစ်ညအိပ်ဖြစ်ကြပါ၏။ အိမ်ပြတင်းကနေ စိမ်းညို့ညို့တောင်တန်းကြီးကို လှမ်းကြည့်ရတာ အားတွေ ရှိလာသလိုလိုပါပဲ။ ညဘက်ကျ ညဉ့်နက်သည်အထိ မအိပ်ဖြစ်ဘဲ စကားတွေကောင်းကြ၏။ အဘလုံးတုံးက လက်ဖက် ' အဖိုးကြီးသုပ် ' သုပ်ကျွေးပြန်ပါ၏။

ဆီဆမ်းထားသည့် လက်ဖက်သားတွေထဲမှာ နှမ်းလည်း ပါ၏။ ကြက်သွန်ဖြူ ကြော်ရွရွလေးတွေလည်း ပါ၏။ ပြီးတော့ သံပုရာသီးကို နုပ်နုပ်ကလေးတွေလည်း လှီးထည့်ထားပါ၏။ 

လက်ဖက်သုတ်နေရင်းကနေ လေကလေး ချွန်နေပြန်ပါလေ၏။

" ရွှီး  ရွှီးရွှီး  ရွှိ  ရွှီ  ရွှီ  ရွှီ  . . . ရွှိ  ရွှီ  ရွှိ  ရွှီ .  .  .  ရွှီ  ရွှီ  ရွှီ  ရွှိ  ရွှီ  ရွှီ  ရွှီ  ရွှီ  .  .  . ရွှီ ရွှိ  ရွှီ  ရွှီ  .  .  .  ရွှိ  ရွှီ  ရွှိ  ရွှီ  .  .  . "

အဘစောမူးသာက မျက်လုံးတွေပိတ်အောင် ပြုံးကာ ဖေကြီးအား အသံတိတ် မေးထိုးပြပါ၏။ အဘလုံးတုံးကား သူ့စိတ်ကူးနှင့်သူ လေကလေးဆက်ချွန်နေပါ၏။ သည် လေချွန်သံစဉ်လေးကိုလည်း ဖေကြီးတို့တွေ ငယ်ငယ်ကတည်းက ' နားစွဲ ' ခဲ့တာပါပဲ ခင်ဗျ။

" ရွှီ  ရွှီး  ရွှီ  ရွှီ  .  .  .  ရွှိ  ရွှီ  ရွှိ  ရွှီ  .  .  . "

" စစ်ပြန်ကြီးက ' စစ်ချီတေး ' တွေ ညည်းနေပြန်ပါပကောလားဗျား . . . ဟား ဟား ဟား "

" အေးကွ မူးသာရ . . . ငါ့ စိတ်မျက်စိထဲမှာ မြန်မာပြည်အနှံ့က အရိုးကြေကြေ အရေခန်းခန်း ' ခေတ်ဆွေး ' ကိုပြောင်းပစ်ပြီး ' ခေတ်သစ် ' ကိုစီမံဖို့ ' ရဲရဲတောက် ' တိုက်ပွဲဝင်နေကြတဲ့ ခေတ်သစ် အာဇာနည်သွေးတွေကို  မြင်ယောင်နေတာကွ "

"အဲသည်သီချင်းကို ငါလည်းကြိုက်တယ်ကွ။ အခုလို အယုတ်တမာ သာ၀ ကြင်စိုး မအေရိုးနဲ့ မအေရိုးလောင်းရိပ်အောက်က ခုချိန်အထိထွက်မလာဘဲ ' ပြည်သူ ' ကို ' ရန်သူ ' လုပ်နေတဲ့ကောင်တွေကို တိုက်ထုတ်နေချိန်နဲ့ အံကိုက်ပဲ ဟ "

" ဟားဟား ဟားဟား ဟားဟား . . . အေးကွ . . တကယ့်ကို အံကိုက် ကွက်တိပဲကွ "

" ရဲရဲတောက် ဒို့ဗမာတွေ . . . သတ္တိခဲတွေ ရာဇဝင်ထွန်းလောက်အောင် စွမ်းပေ . . .ဒို့တိုင်း ဒို့ပြေ . . . လွတ်လပ်ရေးကို . . .အာဇာနည်သွေးတွေ အ ရိုးကြေကြေ . . . ဒို့ ပြည် ဒို့မြေ . . . "

ဖေကြီးလည်း သတိရတာနဲ့ အဘလုံးတုံး မေမြို့က စစ်တက္ကသိုလ်မှာ တာဝန်ကျစဉ်က အကြောင်းလေးတွေ ပြောပြပါအုံးလို့ ပြောတော့ အဘလုံးတုံးက ပြုံးတုံ့တုံ့။

" အေးကွ . . . အခု ညည်းနေတဲ့ သီချင်းဟာလည်း မေမြို့စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေ နေ့စဉ်လိုလို ' သံပြိုင် ' သီဆိုကြရတဲ့ သီချင်းတွေထဲက တစ်ပုဒ်ကွ "

" အဲ . . . ဟုတ်လား အဘလုံးတုံး . . .ဗိုလ်လောင်းတွေက သီချင်းတွေသံပြိုင်ဆိုကြရတယ်ပေါ့ . . . ဟုတ်လား "

" အေးကွ . . . "

အဘလုံးတုံးပြောပြချက်အရ စစ်တက္ကသိုလ်မှာ မနက်ပိုင်း ဗိုလ်လောင်းတွေ စာသင်ဆောင်ကို သွားကြတဲ့အခါ တပ်ခွဲ ၄ ခု ရှေ့နောက်စီကာ လမ်းလျှောက်သွားရင်း လမ်းတလျှောက်လုံး အဲသည် စစ်ချီတေးတွေကို သံပြိုင်သီဆိုဟစ်ကြွေးကြရတာပါတဲ့။

ဗိုလ်လောင်းတွေက ရှေ့က၊ ဗိုလ်လောင်းတွေရဲ့နောက်မှာ စစ်ဘင်ခရာဝိုင်းက ကပ်ပြီးလိုက်ရကာ တီးမှုတ်ပေးကြရတာပါ တဲ့ခင်ဗျ။ အဲသည်တုန်းက အလွဲအချော်လေးတွေကိုလည်း နောက်မှ ပြောပြပါအုံးမတဲ့။

" သူတို့ဆိုခဲ့ကြရတဲ့သီချင်းတွေမှ အများကြီးပဲကွ၊ အခု ငါလေချွန်နေတဲ့သီချင်းကတော့ မပါမဖြစ်ကွ "

အဘလုံးတုံးပြောပြနေစဉ်မှာပဲ အဘစောမူးသာက လေချွန်လက်စသီချင်းကို ဆက် ဆိုပါလေတော့၏။

" ခေတ်ဆွေးကို ပြောင်းပြန် . . ခေတ်သစ်ကို စီမံ . . . လွတ်လပ်ဖို့ စိတ်ကြံ . . ညီစေနော် ဒို့ရဲဘော် . . ချီတက်ကြစို့ တူပျော်ပျော် ဘယ် ညာ ဘ ယ် ညာ . . . "

" အမယ် . . . ငါ့ကောင်ကြီးမူးသာလည်း စာသားတွေ ရလို့ပါကလားဟ "

" စိတ်ထဲမှာ ဘာမှမစဉ်းစားဘဲ ဒီအတိုင်း ဆိုထည့်လိုက်တာ ' တဲ့ ' သွားပုံပဲ လုံးတုံးရ "

" အေးပေါ့ကွာ . . . အရင်တုန်းက ' သူတို့ 'ဆိုခဲ့ကြတာ၊ အခုတော့ ' ငါတို့ ' ဆိုအလှည့်ပါခင်ဗျား . . ဟားဟား ဟားဟား ဟားဟား"

သို့နှင့် အဘလုံးတုံးနှင့် အဘစောမူးသာတို့ နှစ်ဦးမှာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေကြသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားအပေါင်းတို့အတွက် သူတို့၏ ပီသကြည်မြသည့် ဂီတနှင့် သံပြိုင်ဂုဏ်ပြုနေကြပါလေတော့သတည်း။

" မြန်မာပြေ ငါတို့ပြေ . . . မြန်မာမြေ ငါတို့မြေ . . . ခင်ခင်မင်မင် အမျိုးစောင့်ကြ . .ဘယ်ညာ ဘယ်ညာ . . . "

" လာပြီလေ သာကီဆွေ ဒီချိန်ခါ ညီညာစေ. . . မြန်မာဆို ဓားကိုဆွဲလို့ ထွက်ဖို့တော်ပြီလေ . . . "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024