စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ရွာကို စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်က ဝင်စီးစဉ် PDF ၄ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရပြီး နှစ်ဘက်ပစ်ခတ်မှုမှာ နောက်ထပ် PDF ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုက္ကားရွာကနေ အုတ်ဖိုအိုင်ရွာကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အများအပြား ထိခိုက်ဒဏ်ရာ ရပေမဲ့ အသေးစိတ်မသိနိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
"ပထမ ကင်းက ၈ ဦး စောင့်တယ်။ သူတို့က ကင်းရဲ့အနောက်ကနေ ဝင်လာတာကြောင့် တခြားကင်းစောင့်တဲ့ ၄ ဦးက ထွက်ပြေးနိုင်ခဲ့ပြီး ကင်းစောင့်ရင်းအိပ်ပျော်နေတဲ့ ၄ ဦးကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီး ပစ်ခတ်တာ ခံခဲ့ရတယ်။ ကျန်သူတွေက နှစ်ဘက်ပစ်ရင်းခတ်ရင်း သေဆုံးသွားတယ်"
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ၄၂ အရွယ် PDF ရဲဘော်ရဲ့ အမျိုးသမီးက “သားသမီး ၅ ယောက်နဲ့ ကျမ ကျန်ခဲ့တယ်။ ယောကျ်ားမရှိတော့ အခက်အခဲတွေက ပြောမပြတတ်အောင် ကြုံတွေ့ရနိုင်တယ်ဆိုတာသိတယ်။ ဒါပေမဲ့ ကျမယောကျ်ားသေတာ မျက်ရည်တစက်မကျဘူး။ ယောကျ်ားအတွက် ဂုဏ်ယူတယ်။ သူမရှိလည်း ဒီ (-) တွေကို ဆက်လက်ပြီး နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်သွားမယ်။ လက်ရှိလည်း ၁၅ နှစ်သမီးတယောက်ကလည်း တော်လှန်ရေးမှာ ပါဝင် လုပ်နေတယ်။ ကျမကတော့ အားပေးတယ်။ စစ် (-) တွေကို နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အုတ်ဖိုအိုင်ရွာက နေအိမ် ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအတွင်းနဲ့ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာအနီးမှာ ခိုအောင်းနေထိုင်နေတဲ့ KIA လက်နက်ကိုင်အဖွဲ့ တွေနဲ့ PDF တွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ PDF ၇ ယောက်ကို အသေဖမ်းဆီးရမိခဲ့ကာ လက်နက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။