ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ ရတနာလမ်းမှာ စက်တင်ဘာ ၁၇ ရက် မနက်က ရာအိမ်မှူး တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်က နေအိမ်ရှေ့ လမ်းလျှောက်နေတဲ့ ရာအိမ်မှူးကို အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူလမ်းလျှောက်နေတဲ့ အချိန် အနောက်ကနေ ကပ်လိုက်လာပြီး ပစ်သွားတာ ငါးချက်ပစ်တာ ပွဲချင်းပြီးပဲ"
သေဆုံးသူမှာ ရာအိမ်မှူးဦးအောင်စိုးဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့သေဆုံးကာ ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ အဆိုပါလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်တွေဟာ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရတနာလမ်းမှာ လမ်းကို ပိတ်ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှုးဦးဟန်အေးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နေ့လယ်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
အလားတူ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက် အမျိုးသားရေး လှုပ်ရှားသူဦးကျော်(ခ)ဦးကျော်အေးနဲ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ သတင်းပေးလို့ နာမည်ထွက်နေသူ ဦးသိန်းဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ငါးယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရ ခဲ့ပါတယ်။