Home
ဆောင်းပါး
စီးပွားဖြစ် ပြန်ပေး ခွေးဆွဲ
DVB
·
September 17, 2022
304829839_466872782044942_4514001218911082473_n

ကျနော်တို့ရပ်ရွာက မြန်မာပြည်အောက်ပိုင်း၊ ခိုလှုံစရာ တောတွေ တောင်တွေ မရှိတာနဲ့လည်း အဓိကသက်ဆိုင်မယ်လို့ ထင်ရဲ့။ PDF လှုပ်ရှားမှုတွေ မယ်မယ်ရရ မရှိလို့ ရွာမီးမရှို့၊ ပြည်သူ မသတ်ပေမဲ့ ငစစ်နဲ့ ရဲတို့ရဲ့ ဒုက္ခပေးခြင်းဒဏ် ကိုယ့်အထွာနဲ့ကိုယ် လှလှကြီးခံရတာပါပဲ။

အောက်လမ်းစီးပွားရှာတတ်တဲ့ BGF ကောင်ဆိုလား ရောက်လာ၊ နယ်မြေခံ စစ်တပ်နဲ့ ရဲကို လိုင်းကြေး နင့်နေအောင်ပေးလို့ ရော်ဘာတောထဲမှာ လောင်းကစားဝိုင်း တရားဝင်သဖွယ် လာဖွင့်လေရဲ့။

‘စစ်ခွေးနဲ့ ရဲ ဘယ်လောက်ရသလဲတော့ မသိဘူး။ လောင်းကစားဝိုင်းက ရွာနှစ်ရွာအစပ်မှာ ဖွင့်တာဆိုတော့ အဲဒီနှစ်ရွာက အုပ်ကြီးတွေ နှစ်ရက်ကို တစ်သိန်းစီ လိုင်းကြေးရတယ်”လို့ ကျနော်တို့ ဇာတိမြေမှာ နားလည်း ပါး၊ မျက်စိလည်းကျယ်တဲ့ ဘကြီးက ဖုန်းဆက်ပြောပြတယ်။

အနီထောင်ဝိုင်း ရှိတယ်။ ဂလုတ်ဂလုတ် ဆိုတာ ရှိတယ်။ ဖဲဝိုင်း ဆိုတာလည်း ရှိတယ်။ ဗိုက်ဆာရင် စားဖို့ ထမင်းဆိုင်နဲ့ အကြော်အလှော်ဆိုင်တွေလည်း အသင့်။ ပြီးတော့ လောင်းကစားသမားတို့ စိတ်ကို ကြွစေမယ့် ဘီယာနဲ့ အရက်လည်း မြည်းစရာ ဖွယ်ဖွယ်ရာရာနဲ့ အသင့်။ အရက် ဘီယာ ခါးတဲ့အရသာ မကြိုက်ဘူး ဆိုသူတွေအတွက်လည်း စိတ်ကြွရူးသွပ်ဆေးပြား လာရောင်းသူက အဆင်သင့်ပဲမို့ တကယ့်ကို ဥပဒေမရှိ ထင်ရာစိုင်းခွင့်ရှိနေတဲ့ နေရာ။

လောင်းဖို့ငွေကုန်သွားပေမဲ့ စိတ်ထဲ မကျေမချမ်းဖြစ်နေတုန်းပဲလား။ ဆိုင်ကယ်ပေါင်မလား၊ ကား ပေါင်မလား၊ အပေါင်ဆိုင်ကလည်း အဆင်သင့်။ လိုင်းကြေးပေးထားတယ်ဆိုပေမဲ့ လုံခြုံရေးက ဘယ်လောက်ထိ အာမခံနိုင်မလဲလို့ တွေးပူမနေနဲ့။ အရပ်ဝတ်နဲ့ လွယ်အိတ်ထဲ သေနတ်ထည့်ကာ လုံခြုံရေးယူပေးနေတဲ့ ရဲတွေအသင့်။

“အဲဒီရွာချင်းဆက်လမ်းက အမေစုလက်ထက်မှာ ကွန်ကရစ်လမ်း ဖြစ်လာတာ။ အခု လောင်းကစားသမားတွေ သွားလမ်းလာလမ်း သာသွားတာပေါ့။ အပတ်စဉ် စနေ၊ တနင်္ဂနွေ ၂ ရက် လောင်းကစားဝိုင်းဖွင့်တယ်။ တမြို့လုံး လူလိုမသိတဲ့ လောင်းကစားသမားတွေ သွားလိုက်ကြတာ တရုန်းရုန်းပဲ။ တခြား နီးနီးနားနားမြို့တွေက လောင်းကစားသမားတွေလည်း လာကြတယ်”လို့ ဘကြီးက ဆိုတယ်။

အဲဒီလောင်းကစားဖွင့်တာ ၄-၅ လ အကြာ။ အိမ်ပေါင်၊ ခြံပေါင်၊ ကားပေါင်၊ ဆိုင်ကယ်ပေါင်တွေနဲ့ ရပ်ထဲရွာထဲ အိမ်တွင်း ရန်ဖြစ်သံ တစီစီနဲ့ အကုန်စီးပွားပျက်။ မကစားရ မနေနိုင်၊ ကစားစရာ ပိုက်ဆံလည်း မရှိတဲ့ကောင်တွေကျ အလစ်သုတ်သမားတွေ ဖြစ်ကြ။

အလစ်သုတ်ရတာ မဝံ့၊ ပါးပါးနပ်နပ်လည်း ရှိတဲ့ကောင်တွေကျ အဲဒီလောင်းကစားဝိုင်းကနေ ရဲတွေနဲ့လည်း အချိတ်အဆက်ဖြစ်၊ မူးယစ်ဆေးရောင်းတဲ့ကောင်တွေနဲ့လည်း အလွမ်းသင့်ပြီး ဆေးရောင်းသမားဘဝ ရောက်သူတွေလည်းရှိ၊ရဲသတင်းပေးဖြစ်သွားတဲ့ကောင်တွေလည်း ရှိ။

“ဘာပဲဖြစ်ဖြစ် ဆေးရောင်းတာနဲ့ ရဲသတင်းပေး လုပ်တာထက် အလစ်သုတ်တဲ့ကောင်က ပိုသိက္ခာရှိတာပေါ့။ အလစ်သုတ်တာက အလစ်သုတ်ခံရသူပဲ စိတ်ဆင်းရဲရတာလေ။ ဆေးရောင်းတဲ့ကောင်နဲ့ သတင်းပေးတဲ့ကောင်က အကုန်လုံးကို လိုက်ဒုက္ခပေးတော့တာ”လို့ ဘကြီးက ဆက်ပြောတယ်။

လောင်းကစားဝိုင်း ၆ လလောက်အကြာ လာလောင်းနိုင်သူတွေ လျော့ပါးလာသလို လောင်းကြေးငွေလည်း ပါးလာတာမို့ လောင်းကစားဝိုင်းကို ပိတ်လိုက်တယ်။ လောင်းကစားဝိုင်း ပိတ်တော့မယ်ဆိုတော့ လိုင်းကြေးရနေတဲ့ စစ်တပ်နဲ့ရဲက သူတို့ လောင်းမယ့်လူ ရှာပေးပါ့မယ်၊ မပိတ်ပါနဲ့လို့ တောင်းပန်နေသေးတယ်လို့ ဆိုကြတယ်။ လောင်းကစားဝိုင်းပိတ်ချိန် လောင်းကစားဒိုင်ကလည်း အထောကြီးထောသွား။ လိုင်းကြေးရတဲ့ ငနဲတွေကလည်း သပိတ်ဝင် အိတ်ဝင်။ ကျနော်တို့ မြို့လေးကတော့ ဖြူခါပြာခါ။ မူးယစ်ဆေးရောင်းတဲ့သူ များလာလို့ လမ်းထိပ်ထွက်တာနဲ့ အိုကေ။ တရားဝင်မူးယစ်ဆေးရောင်းခွင့် လိုင်စင်ရထားသူပမာ ဗြောင်ကျကျ။

“‘လမ်းထိပ်ထွက်ပြီး ပဲကြီးလှော် သွားဝယ်တာ ရချင်မှရဦးမယ်။ စိတ်ကြွဆေးကတော့ မရ မရှိစေရဘူး” လို့ ဘကြီးက ပြောပြတယ်။

ရဲတွေကို လိုင်းကြေးပေးထားတာကြောင့် ကြိုက်တဲ့နေရာမှာ ရောင်း ပြဿနာမရှိစေရ။ သတ်မှတ်ထားတဲ့အချိန် သတ်မှတ်လိုင်းကြေးငွေ ရောက်လာရင် ရဲစခန်းရှေ့ မူးယစ်ဆေး လာရောင်းလည်း အိုကေပဲ။ ကျနော်တို့ တောမြို့လေးမှာ တာဝန်ကျငနဲ အောက်တန်းစားရဲတွေက ငွေရပြီးရော စိတ်ဓာတ်ကို အဲဒီလို ရွက်ကုန်ဖွင့်ခဲ့ကြတယ်။

မူးယစ်လိုင်းကြေးထက် ပိုဆိုးတာက သတင်းပေးမွေးကာ ဖေ့စ်ဘွတ်ခ်စောင့်ကြည့်ရေးအလုပ်ကို စီးပွားဖြစ် ဖိဖိစီးစီးလုပ်ကြတာပဲလို့ ဘကြီးက ပြောတော့ ကျနော် နားမလည်။

“ဒီလို ငါတူကြီးရဲ့။ ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံရေးတွေ ရေးတာကို စောင့်ကြည့်တာ။ ဘကြီးတို့ ရပ်ရွာမှာက ကိုယ့်နာမည်အရင်းနဲ့ ဖေ့စ်ဘွတ်ခ်သုံးတာ နည်းတော့ ဘယ်သူ ဘယ်အကောင့် သုံးသလဲဆိုတာ နီးစပ်တဲ့သူတွေပဲ သိကြတယ်။ အဲဒါကြောင့် ရဲတွေက သတင်းပေးထားပြီး သတင်းပေးက ဒီလူ ဒါရေးတာ သေချာပေါက်ပဲလို့ လက်ညှိုးထိုးလိုက်ရင် ဖမ်းတော့တာ”တဲ့။

ဘာအတွက် ဖမ်းတာလဲဆိုတော့ ငွေညှစ်ဖို့ ဖမ်းတာ။ စစ်တပ်ကို စောင်းမြောင်းရေးတဲ့ ပို့စ်ကိုတောင် နိုင်ငံတော်ပုန်ကန်မှုပမာ ကြီးသထက်ကြီးလာအောင် ပုံကြီးချဲ့။ ရဲစခန်းစစ်ကြောရေးမှာ ပြတ်ပြတ်သားသားကို ရိုက်နှက်လို့။ ပြီးတော့မှ သိန်း၅၀ ပေးမလားဆိုပြီး တောင်းတော့တာတဲ့။

“ဘကြီးတို့မိတ်ဆွေ ၂ ယောက်ခံပြီးပြီမို့ ငွေတောင်းတဲ့နှုန်းပါ အတိအကျ သိရတာ။ တောသားတွေကွာ။ နိုင်ငံရေးခေါင်းစဉ်တပ် ဖမ်းသွားကတည်းက ကြောက်နေတာ။ ရဲစခန်းရောက်တော့ ပုဒ်မမျိုးစုံ လျှောက်ပြောပြီး ထောင် ၁၀ နှစ် အနည်းဆုံးဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ရိုက်နှက်တယ်။ တစ်ရက်လောက် မသေရုံတမယ် စိတ်ကြိုက်ရိုက်ပြီးတော့မှ သိန်း ၅၀ တောင်းတာ” တဲ့။

တချို့က ကိုယ့်လင် ကိုယ့်သား ကိုယ့်မိသားစု အဖမ်းခံရလို့ ထူထူပူပူနဲ့ ရဲစခန်းလိုက်လာ။ စခန်းရောက်တော့ နင်တို့လင်၊ နင်တို့သား နိုင်ငံရေးနဲ့ ဘယ်လိုကြီး ပတ်သက်နေတာ၊ အတွေ့ခံလို့ မရသေးဘူး ဆိုပြီး တင်းတင်းမာမာ ပြောဆို ငေါက်ငမ်းလွှတ်။ အရိုက်ခံရတဲ့သူရော မိသားစုဝင်တွေပါ ကောင်းကောင်းခြိမ်းခြောက်ခံရပြီး စိတ်ဓာတ်ပြိုဆင်းလာပြီ ဆိုမှ ငွေစကား စပြောတာလို့ ဆိုရဲ့။

“ဘကြီးတို့ဆီက ရဲတွေ တခြားဘယ်နေရာမှာမှ အသုံးမကျသလောက် ပြန်ပေးဆွဲ ငွေညှစ်တဲ့ နေရာမှာတော့ အဲဒီလို ပရော်ဖယ်ရှင်နယ်ဆန်ဆန် သိပ်စနစ်ကျတာ”။

ရဲ ဆိုတော့လည်း ရဲထုံးစံအတိုင်း သိန်း ၅၀ မတတ်နိုင်ရင်လည်း ဘယ်လောက် တတ်နိုင်သလဲပေါ့။ ဈေးဆစ်ကြ ပြုကြရင်း နောက်ဆုံးဈေးက သိန်း ၃၀။ သိန်း ၃၀ အောက်တော့ ထပ်မလျှော့။ သိန်း ၃၀ မှ မတတ်နိုင်ရင် နိုင်ငံရေးပုဒ်မတစ်ခုခု တပ်လို့ ထောင်ထဲသာ သွားတော့။

ဘယ်သူကမှ ထောင်ထဲမသွားချင်ကြတော့ မရှိလည်း ရှိတာ ရောင်းတန်ရောင်း၊ ပေါင်တန်ပေါင်နဲ့ ဒုက္ခနဲ့ မျက်ရည် တသီတတန်းကြီး ဖွဲ့နွဲ့ကြရတယ်။

“ပိုက်ဆံပေးလို့ ပြန်လွှတ်တဲ့သူတွေကို မလွှတ်ခင် ခြိမ်းခြောက်သေးတာ။ ပိုက်ဆံပေးရတဲ့ အကြောင်း အပြင်မှာ ပြန်ပြောတယ်လို့ သတင်းကြားတာနဲ့ ချက်ချင်း ပြန်ဖမ်းမယ်။ အဲဒီခါကျရင် သိန်း ၃၀ နဲ့ မရတော့ဘူး။ သိန်း ၆၀ ပေးမှ လွတ်မယ် ပြောတယ်”လို့ ဘကြီးက ဆိုတယ်။

ဒါပေမဲ့ သိန်း ၃၀ နဲ့ ပြန်ပေးဆွဲတဲ့သတင်းက မြို့သေးသေးလေးထဲ လူတိုင်းသိတဲ့ လျှိုဝှက်ချက် ဖြစ်လာတော့ ဖေ့စ်ဘွတ်ခ်ကို ပေါ်ပေါ်ထင်ထင် သုံးတာတွေ ရှားလာတယ်။ အရင်က လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ဖုန်းနဲ့ ကိုယ်အလုပ်ရှုပ်နေကြတဲ့ လူကြီး၊ လူငယ်အားလုံး အခု ဘာဖေ့စ်ဘွတ်ခ်မှ မသုံးကြတော့သလိုမျိုးမို့ လက်ဖက်ရည်ဆိုင်ထဲ စကားပြောသံတွေ ပြန်ကျယ်လောင်လာပြန်တယ်။

စီးပွားဖြစ် ဖေ့စ်ဘွတ်ခ်စောင့်ကြည့်ရေးအလုပ်မှာ လူ ၃၀ ဝန်းကျင်လောက် ပြန်ပေးဆွဲ ရိုက်နှက်ငွေညှစ်ခံရပြီးနောက် ထပ်ဆွဲစရာ လူမရှိတော့တဲ့အခါ အခု ဘာအကြောင်းပြချက်မှမရှိဘဲ ဗြောင်ပြန်ပေးဆွဲတာတွေ ခေတ်စားလာပြန်တယ်။ ဒီတစ်ခါကတော့ သူဌေးတွေကို ပြန်ပေးဆွဲခြင်း။ မြို့ပေါ်က သူဌေးတွေကို အိမ်ဝင်ဖမ်း။ သူဌေးမရှိရင်လည်း မိသားစုဝင် တဦးဦး လိုက်ခဲ့။ ကိုယ့်မြို့ မဟုတ်တဲ့ စစ်တပ်တွင်းတစ်နေရာကို ကားနဲ့ခေါ်သွား။ စစ်ကြောရေးရောက်တော့ ခင်ဗျားတို့ မိသားစု PDF ကို ထောက်ပံ့နေတယ်တဲ့။ သက်သေအထောက်အထားဘာမှမရှိတဲ့ စွပ်စွဲချက်။ လူတယောက် မဟုတ်ဘူး။ လူ ၁၀ ယောက်၊ အယောက် ၁၀၀ ကိုတောင် အကြောင်းပြချက်ပေးစရာ မလိုဘဲ ပစ်သတ်နေတဲ့ ကာလမှာ သက်သေမလို၊ အထောက်အထား မလိုဘဲ ဖမ်းဆီး စွပ်စွဲတာ ဘာဆန်းမလဲ။

‘ဗြောင်ပဲလေ။ PDF တွေကို ထောက်ပံ့တယ်လို့ သတင်းရတယ်။ ထောင်ထဲ ဝင်မလား၊ ငွေပေးမလား မေးတယ်။ နောက်ဆုံး ကြားတဲ့သတင်းကတော့ သိန်း ၁၀၀၀ တောင်းတယ်။ ဈေးဆစ်တာ သိန်း ၈၀၀ လောက်နဲ့ပြန်လွတ်လာတယ်’တဲ့။

ကျနော်တို့ဇာတိက သူဌေး ၅ ယောက်။ အနီးမြို့တွေက သူဌေးတွေ ၁၀ ယောက်မက။ နယ်မြေခံအကြမ်းဖက် စစ်တပ် အရာရှိကြီးတွေရဲ့ နောက်ဆုံးပေါ် သူဌေးပြန်ပေးဆွဲမှုက အော်ဂျက်ကြီး ဖြစ်နေတာမို့ ပြန်ပေးဆွဲမခံရသေးတဲ့ သူဌေးတွေခမျာ မြို့ကြီးတွေပေါ် တက်ရှောင်ပြေးကြရ။

ဘကြီးက ကျနော်တို့မြို့ရဲ့ သူဌေးကြီးတွေထဲမပါပေမဲ့ အတန်အသင့် ကြွယ်ဝသူ မြို့မျက်နှာဖုံး ဖြစ်လို့ ဘယ်နေ့ ဘကြီးကို လာခေါ်မလဲ ကျနော်တို့ တွေးပူကြရတယ်။ တသက်တာ ရုံးတွေ ဂါတ်တွေ အစိုးရတွေနဲ့ ကင်းကင်းနေ ဝေးဝေးရှောင် ကြောက်ခဲ့တဲ့ ဘကြီး အခု အသက်အတော်ရလာမှ မကြောက်တရားတွေနဲ့ ဒေါင်ဒေါင်မြည်။ ဆွေမျိုးရင်းချာတွေက ရန်ကုန် ခဏလာနေဖို့ ခေါ်တော့လည်း မသွား။ အနီးမြို့ကြီးမှာ ထည်ဝါနေတဲ့  ဘကြီးသူငယ်ချင်း ကျောင်းထိုင်ဘုန်းကြီးက သူ့ကျောင်းမှာ အဲကွန်းနဲ့ အေးဆေးလာနားပါ ဆိုတော့လည်းမသွား။

‘ဘကြီး သေချာဆုံးဖြတ်ထားပြီးပြီ။ ဒီခွေးတွေကို ကြောက်ပြီး ပြေးစရာလည်း မလိုဘူး။ လာဖမ်းချင် ဖမ်း။ ဒီခွေးတွေကို ငါးပြားတစ်စေ့ မပေးနိုင်ဘူး။ အသက်လည်း ကြီးပြီ။ သေမယ်ဆိုလည်း သေပျော်နေပြီ။ ထောင်ထဲ သွားနေမယ်။  ဒီခွေးတွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ ကလေးတွေကို သစ္စာမဖောက်နိုင်ဘူး’တဲ့။

ကျနော့် ဘကြီး အသက်၈၀ ဆိုတဲ့အရွယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024