မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စာတိုးမြို့ပြင်ကြီးအုပ်စု၊ စက်ကွေ့ရပ်မှာ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီလောက်က ရုံးအုပ် အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ မြန်မာ့မီးရထား လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ၊ အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ကြီး ဒေါ်ကြူကြူစန်း(အသက် ၅၈ နှစ်) ဖြစ်ပြီး စက်ရုံကနေ အိမ်ကိုပြန်လာစဉ် အမည်မသိ အမျိုးသား ၂ ယောက်က ပစ်သွားတာလို့ ဆိုပါတယ်။
အမရပူရမြို့နယ်နေသူတဦးက “ပစ်ခံရတာ သူ့အိမ်ရှေ့ ရောက်မှ ပစ်ခံရတာ။ အမရပူရမှာတော့ အစစ်အဆေးတွေ များနေတယ်။ မြစ်ငယ်ဘက်လည်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဒေါ်ကြူကြူစန်းဟာ နောက်စေ့ကျည်ဖောက်ဝင် ဒဏ်ရာတချက်ရ ရှိခဲ့ပြီး နေရာမှာ သေဆုံးခဲ့ကာ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရုံးအုပ်ကြီး ဒေါ်ကြူကြူစန်းကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။