မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးမှာ စက်တင်ဘာ ၁၆ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၆ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မိတ္ထီလာ ကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနဲ့ ဆည်ပြားကျေးရွာတွေကနေ ဝက်ပုတ်ကျေးရွာကို ဆိုင်ကယ်လေးစီးနဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်သား ရှစ်ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
"ဝက်ပုတ်ကျေးရွာက ပျူစောထီးတွေနေတဲ့ရွာပါ။ အဲ့ရွာနားမှာ သူတို့ပြန်လာတာကိုကြိုစောင့်ပြီး ပစ်ခတ်ခဲ့တာပါ။ နှစ်ယောက်က ပြန်ပစ်တာရှိပါတယ်၊ ကျနော်တို့အဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။"
စစ်ကောင်စီတပ်ဖွဲ့က ၆ ယောက် နေရာတင်သေဆုံးခဲ့ပြီး ကျန်တဲ့ နှစ်ယောက်က ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ ပြောပါတယ်။
ကာဘိုင်သေနတ်တလက်၊ ကျည်အိမ်တခု၊ ကာဘိုင်ကျည် ၂၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၄ ရက် ညကလည်း မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ကျေးရွာက ပျူစောထီးအဖွဲ့ကို လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။
သရက်ကန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ နေထိုင်တဲ့ရွာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်သားနဲ့ရဲ အင်အား ၆၀ ဝန်းကျင် အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။
ပခုက္ကူ PDF အဖွဲ့မှ ကိုအတီးက “ကျနော်တို့ဘက်က တာဝေးပစ်လက်လုပ်လက်နက်ကြီး ၁၀၀ မမ၊ ၈၀ မမတွေနဲ့ ၃၅ ချက် ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမှာလည်း ရန်သူတွေကို ချေမှုန်းရမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) Defense Team Pakokku၊ ဂဋ္ဌုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) နဲ့ အခြားဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင်