ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ဒုရဲအုပ်တယောက် အပါအဝင် ဒေသခံပြည်သူနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၀ ရက်က တွံတေးမြို့မဈေးအတွင်း ဦးခင်မောင်မြင့်ဆိုသူ ပစ်ခတ်ခံရမှုနဲ့ ပတ်သက်တယ်ဆိုပြီး တွံတေးရဲစခန်းက ဒုရဲအုပ်မောင်ရွှေ အပါအဝင် ဒေသခံ ပြည်သူနှစ်ယောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
“ဈေးထဲမှာ ဦးခင်မောင်မြင့် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံရတာပါ။ တွံတေးရဲစခန်းက ဒုရဲအုပ် မောင်ရွှေရယ်၊ ပစ်သတ်ခံခဲ့ရသူရဲ့ ညီဝမ်းကွဲရယ်၊ နောက်တဦးရယ် အဖမ်းခံရတယ်။ လက်နက်ပါမိတယ်လို့တော့ မကြားမိဘူး” လို့ ရဲစခန်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဒုရဲအုပ် မောင်ရွှေနဲ့အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတွေဟာ ကိုသန်းစိုးနဲ့ ဦးခင်မောင်မြင့်ရဲ့ ညီဝမ်းကွဲ ကိုဇေယျာထွန်းတို့ ဖြစ်ကြပါတယ်။
ကိုသန်းစိုးနဲ့ နီးစပ်သူတယောက်က “ကိုသန်းစိုးကို ၁၄ ရက် မနက်ပိုင်းက ရဲစခန်းက လာခေါ်သွားတယ်။ စစ်မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ တနေ့လုံးပဲ။ ည ၇ နာရီလောက် ရဲတွေနဲ့ အိမ်ပြန်လာ၊ လိုအပ်တဲ့ပစ္စည်းတွေယူပြီး ပြန်ခေါ်သွားတယ်” လို့ ပြောပါတယ်။
တွံတေးမြို့မဈေးထဲမှာ သြဂုတ် ၂၀ ရက်က ဦးခင်မောင်မြင့်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သတင်းပေးတာတွေ ပြုလုပ်တဲ့အတွက် Twantay Royal Defense Force (TRDF) က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။