ရန်ကုန်မြို့၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းက သိရပါတယ်။
မနေ့ညနေ ၃ နာရီက ငမိုးရိပ်ချောင်းအတွင်း အမျိုးသားတယောက် ရုပ်အလောင်း တွေ့ရှိတဲ့အတွက် သတင်းအရ သွားရောက်ဆယ်ယူခဲ့ရာ ကမာကြည်တံတားပေါ်က ခုန်ချတဲ့အမျိုးသား ဖြစ်နေတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ညနေ ၃ နာရီလောက်မှာ ငမိုးရိပ်ချောင်းထဲမှာ လူသေအလောင်းတွေ့လို့ ဖုန်းသတင်းအရ သွားရောက်ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်။”
ကမာကြည်တံတားပေါ်ကနေ စက်တင်ဘာ ၁၄ ရက် မနက် ၉ နာရီက ခုန်ချခဲ့တာဖြစ်ပြီး သူ့ရဲ့ စက်ဘီး၊ ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ချန်ထားခဲ့ပါတယ်။
ခုန်ချတဲ့အမျိုးသားဟာ သာကေတမြို့နယ်၊ ၆ ရပ်ကွက်၊ ရွှေပြည်သာလမ်းမှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ထွေး ဖြစ်တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ သိရပါတယ်။
အခုရက်ပိုင်းအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ၃ နှစ် သမီးလေးနဲ့အတူ ပြည် နဝဒေးတံတားပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့ပါတယ်။