မကြာမီရက်အတွင်းက မြန်မာတပ်ရဲ့ ၄ လပတ် အစည်းအဝေး လျှို့ဝှက်ဖိုင်တခု လူမှုကွန်ရက်မီဒီယာပေါ် တက်လာတာ တွေ့လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့ ပြောချင်တာတွေလည်း အများကြီး တွေ့ရတယ်။ အဲဒီအထဲမှာ သတိပြုစရာအချို့လည်း ပါရဲ့။ ဒီအထဲက အထူးသတိပြုမိတာလေးကို ထုတ်နုတ်ပြီး ပြောချင်လာတယ်။ ဗိုလ်မင်းအောင်လှိုင်က…
“မိမိတို့တပ်မတော်ရဲ့ သဘောအရ အောင်မြင်မှုပေတံဆိုတာ အသက်နဲ့ရင်းရတဲ့ကိစ္စ ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်တဲ့ အောင်မြင်မှုကို လုပ်နိုင်ရန်အတွက် ကောင်းမွန်တဲ့ လက်ဆင့်ကမ်းအမွေမရှိဘဲ တော်တော်လေး အားနည်းနေတာကို တွေ့ရကြောင်း” လို့ ပြောသွားတယ်။
ဆိုလိုတာကတော့ သူ့အတွက် အသက်အသေခံပြီး တိုက်ပေးရဲတဲ့စစ်သား မရှိတော့ဘူး။ တချိန်က အသေခံ အကာအကွယ်ပေးသွားတဲ့ စစ်သားတွေရဲ့အမွေကို လက်ဆင့်ကမ်းနိုင်တာ မရှိတော့ဘူးလို့ ပြောသွားတာပါ။ ဆက်ပြောတဲ့အထဲမှာ ပါသေးရဲ့။ “လုပ်ရဲကိုင်ရဲတဲ့သတ္တိမရှိဘဲ ကြောက်ရွံ့ကာ အမိန့်နာခံမှုမရှိတဲ့ဖြစ်စဉ်ကို တွေ့ရကြောင်း” လို့လည်း ထပ်ပြောလိုက်ပါသေးတယ်။
ဒီမှာ စဉ်းစားမိတာတချက်က အခြေခံတပ်သားတွေက ဘာလို့ အသေခံ ကာကွယ်မပေးကြတော့သလဲ။ ဘယ်သူ့အတွက် အသေခံရမလဲ။ အသေခံရဲတဲ့သတ္တိကို ဘယ်သူတွေက အမွေလက်ဆင့်မကမ်းနိုင်ခဲ့တာလဲ။ အခြေခံစစ်သားတွေကရော ဘာလို့ အမွေမဆက်ခံနိုင်ခဲ့သလဲ။ လုပ်ရဲကိုင်ရဲတဲ့သတ္တိ ဘာလို့ မရှိတော့တာလဲ။ အဆိုးဆုံးက ဘာလို့ အခြေခံစစ်သားတွေက အမိန့်ကို မနာခံတော့သလဲ။ အဲဒီလို စဉ်းစားမိရင်းနဲ့ ဆွန်ဇူးရဲ့ “စစ်ပညာကျမ်း” ထဲက အဆိုအမိန့်တချို့ကို သတိရမိတယ်။
ရှေးတရုတ်ရာဇဝင်မှာတော့ ဆွန်ဇူး နှစ်ယောက်ရှိတယ်။ တယောက်က ဘီစီ ၇၇၀-၄၇၆ ချွန်ချူးခေတ်က ‘ဆွန်းဝူ’ ဖြစ်ပြီး နောက်တယောက်ကတော့ ဘီစီ ၄၇၅-၂၂၁ ကြန့်ခေတ်က ‘ဆွန်ပင်း’ ဖြစ်တယ်။ ဆွန်ပင်းက ဆွန်းဝူရဲ့မြေးလည်း ဖြစ်သတဲ့။ ဒါကြောင့်လည်း ဆွန်ဇူးစစ်ကျမ်းလည်း နှစ်ကျမ်းရှိတယ်လို့ ဆိုတယ်။ ဒီဘက်ခေတ်ရောက်တော့ ဆွန်ဇူးစစ်ကျမ်းတွေကို တရုတ်ပညာရှိတွေ လေ့လာပြီးရေးတဲ့ ကျမ်းအတော်များများ ထွက်ရှိခဲ့တယ်။
ထင်ရှားတဲ့စာအုပ်တချို့ကို ကြည့်ရင် ပညာရှင် ၁၅ ဦး ပြုစုထားတဲ့ “ဆွန်ဇူးစစ်ပညာ၏ နည်းလမ်းနည်းနာနဲ့ အသုံးပြုတန်ဖိုး” စာအုပ်။ ပညာရှင်တွေ စုပေါင်းရေးထားတဲ့ “ဆွန်ဇူးစစ်ဗေဒ” စာအုပ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သိပ္ပံကောလိပ်ကျောင်း စစ်မဟာဗျူဟာရဲ့ သုတေသနအဖွဲ့ဝင်တွေ ပြုစုထားတဲ့ “ဆွန်ဇူးစစ်ပညာကျမ်း” စာအုပ်။ ‘ဆွန်ဇူးစစ်ပညာနဲ့ ၃၆ သွယ် ပရိယာယ်’ စာအုပ်တွေ ထွက်ရှိခဲ့တယ်။ ဆွန်ဇူးစစ်ပညာကျမ်းကို တခြားနိုင်ငံရေး၊ စီးပွားရေးရှုထောင့်က ချဉ်းကပ်ရေးသား ပြုစုကြတာတွေလည်း ရှိသေးတယ်။
ဒါတွေက စစ်ရေးမဟာဗျူဟာလေ့လာသူ သုတေသီတွေက ပိုသိမှာပါ။ အခုပြောချင်တာက ဆွန်ဇူး စစ်ပညာကျမ်းအစမှာပါတဲ့ ‘စစ်ရေးစစ်ရာ အကြောင်းချင်းရာ ၅ ရပ်’ ထဲက ပြောထားတာလေးပါ။ ဆွန်ဇူးက စစ်ရေးစစ်ရာဆိုတာ နိုင်ငံတခုအတွက် အရေးကြီးတဲ့ကိစ္စရပ် ဖြစ်တယ်။ သေခြင်း၊ ရှင်ခြင်းနဲ့ ဆိုင်သလို နယ်မြေတခု တည်မြဲခြင်း၊ ဆုံးရှုံးခြင်းနဲ့လည်း ဆိုင်တယ်။ ဒါကြောင့် စစ်ရေးစစ်ရာမှာ ချင့်ချင့်ချိန်ချိန် မသုံးသပ်ဘဲ စစ်မက်မပြုသင့်ကြောင်းကို ကျမ်းအစမှာကတည်းက ပြောခဲ့တာ။ ပြီးမှ အကြောင်းခြင်းရာ ၅ ရပ်ကို ပြောတယ်။
အကြောင်းခြင်းရာ ၅ ရပ်ထဲက ပထမဆုံး တရုတ်လို ‘တောက်(ဝ်)’ ဟာ အရေးကြီးကြောင်း ဖွင့်ဆိုပြတယ်။ ‘တောက်ဝ်’ ဆိုတာ ‘တရားနည်းလမ်းကျခြင်း။ ကျင့်ဝတ်သီလရှိခြင်း။ ဟုတ်မှန်သော သဘောဆောင်ခြင်း။ တနည်း အမှန်တရားဘက်မှာရှိခြင်း’ တို့ကို ပြောတာဖြစ်တယ်။ ဒီသဘော ဒီအချက်တွေဟာ စစ်ဖက်ပြိုင်ရာမှာ အလွန်အရေးပါတဲ့ အချက်ပဲ။ ဒီအချက်တွေအပြင် ဆွန်ဇူးက ပြည်သူနဲ့ တသားတည်းဖြစ်ခြင်းရှိဖို့ လိုအပ်ကြောင်းကို ပြောခဲ့တယ်။
“တိုင်းသူပြည်သား လူအများဆန္ဒနဲ့ အုပ်ချုပ်သူ အထက်လူကြီးမင်းများရဲ့ စိတ်ဆန္ဒတွေ တူညီပြီး တသဘောတည်း ဖြစ်ရမယ်။ အဲဒီအခါ လူအများဟာ သေရင်လည်း အုပ်ချုပ်သူမင်းအတွက် သေလိမ့်မယ်။ ရှင်ရင်လည်း အုပ်ချုပ်သူ မင်းအတွက် ရှင်လိမ့်မယ်။ ဘေးဒုက္ခကြီးတွေ ကြုံရလည်း သူတို့ဟာ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ခြင်းမရှိ ရဲရဲဝံ့ဝံ့ အသေခံ ရင်ဆိုင်သွားလိမ့်မယ်” လို့ မိန့်ကြားခဲ့တယ်။
ဒါဆိုရင် မင်းအောင်လှိုင် ပြောတဲ့ ‘အသေမခံရဲတာ ဘာကြောင့်လဲ’ ဆိုတာ အတော်ပေါ်လွင်နေပါပြီ။ အထူးသဖြင့် စစ်တပ်ဟာ အမှန်တရားဘက်မှာ မရှိလို့ပဲ။ အကြီးအကဲတွေရဲ့ သီလကို မယုံကြည်လို့၊ တရားနည်းလမ်းမကျလို့ပဲ ဖြစ်တယ်။ ပြီးတော့ ဆွန်ဇူး ပြောသလို စစ်တပ်အကြီးအကဲတွေနဲ့ ပြည်သူလူထု စိတ်ဆန္ဒတို့ မတူညီကြလို့ပဲ။ နောက်တခုကတော့ စစ်သားတယောက်ရဲ့ အဆင့်အတန်းဟာ ပျူစောထီးအဖွဲ့တွေ၊ စွမ်းအားရှင်အဖွဲ့တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ဆိုခိုးလုယက်တွေနဲ့ အတန်းအစား ထပ်တူကျနေလို့ပဲ ဖြစ်တယ်။
ဒီတော့ စစ်သားတယောက်ဟာ ဘယ်သူ့အတွက် အသေခံရမလဲ။ မင်းအောင်လှိုင်တို့ စိုးဝင်းတို့ ရေပေါ်ဆီ စစ်ဘုရင်လုပ်ချင်သူတွေအတွက်လား။ အရင်က စစ်အာဏာရှင်ဟောင်းတွေ အတွက်လား။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက်လား။ ခရိုနီသူဌေးတွေအတွက် အသေခံရမလား ဆိုတဲ့ အဖြေကို စစ်သားအတော်များများလည်း စဉ်းစားမိကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ပြည်သူနဲ့ ရန်သူ ဖြစ်နေရခြင်းက သူတို့အတွက် အသေမခံရဲတာလည်း ပါမယ်ထင်ပါတယ်။ နောက်ဆုံးတချက်ကတော့ စစ်တပ်ဟာ အပေါစားဆန်တဲ့ ကြေးစားတပ် ဖြစ်နေလို့ပါပဲ။
မင်းအောင်လှိုင် ပြောတဲ့ ‘လုပ်သင့်လုပ်ထိုက်တဲ့ အောင်မြင်မှုကို လုပ်နိုင်ဖို့ ကောင်းမွန်တဲ့ လက်ဆင့်ကမ်းအမွေ မရှိ’ တာနဲ့ ပတ်သက်ပြီး ပြောချင်သေးတယ်။ သူကတော့ အသေခံ ကာကွယ်တာကို ပြောလိုဟန်ပါပဲ။ အမွေဆိုတာ ဘယ်သူတွေက ပေးတာလဲ။ အရင်က တပ်ချုပ်အကြီးအကဲတွေကပဲ လက်ဆင့်ကမ်းပေးခဲ့တာ မဟုတ်လား။ သူ့ရှေ့က အရင်ရှိခဲ့တဲ့ တပ်ခေါင်းဆောင်တွေ ညံ့ဖျင်းခဲ့တယ်လို့ ဆိုချင်သလား မသိနိုင်။ သူကိုယ်တိုင်ကရော တပ်ကို ကောင်းတဲ့အမွေ ပေးနေတယ်လို့ ထင်လေသလား မသိ။ အကျင့်သီလမဲ့ အလိမ်အညာတွေသာ ပေးနေတာကို အခုလုပ်ရပ်တွေက သက်သေခံနေတာပဲ။ ဒီလို အမွေရခဲ့တဲ့တပ်ဟာ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့တပ်လည်း ဖြစ်မလာဘူး။
တကယ်တော့ ‘လုပ်ရဲကိုင်ရဲ သေရဲတိုက်ရဲတဲ့သတ္တိ’ ဆိုတာ ရုပ်ဝတ္ထုပစ္စည်းတခု မဟုတ်။ ရုပ်ဝတ္ထုတခုလို အမွေဆက်ခံလို့ မရဘူး။ ယုံကြည်ချက်နဲ့သာဆိုင်တဲ့ ဆုပ်ကိုင်လို့မရတဲ့ အကောင်အထည်မဲ့ စိတ်ကူးထည်မျှသာ ဖြစ်တယ်။ ယုံကြည်ချက်စစ်မှန်ခဲ့ရင် ခေါင်းဆောင်ရဲ့ ကိုယ်ကျင့်သီလအပေါ်မှာ အားကျခဲ့မိရင် ထုံကူးလို့တော့ ရရဲ့။
စစ်တပ်အကြီးအကဲတွေရဲ့ လုပ်ရပ်တွေဟာ မမှန်ကန်ဘူးလို့ သံသယဖြစ်ရင်။ တပ်ရဲ့ အကြီးအကဲတွေရဲ့ ကိုယ်ကျင့်သီလအပေါ် ယုံကြည်ချက်မရှိတော့ရင် ပြည်သူနဲ့ ဆန့်ကျင်ဘက် လျှောက်ပြီး ပြည်သူကို ပစ်သတ်နေတဲ့ စစ်တပ်ရဲ့ အမှန်သဘောကို မြင်လာရင် အဲဒီအကြီးအကဲ အုပ်ချုပ်သူတွေအတွက် အကျိုးမဲ့သက်သက် အသေခံကြမှာလည်း မဟုတ်ပါဘူး။ ထုံကူးကြမှာလည်း မဟုတ်ဘူး။
ကိုယ့်ဘက်က အမှန်တရားရှိတယ်။ ပြည်သူကို အကာအကွယ်ပေးရမယ်လို့ သိထားသူတွေ၊ ခေါင်းဆောင်ရဲ့ အကျင့်သီလကို ယုံကြည်သူတွေဟာ လုပ်ရဲကိုင်ရဲ အသေခံစွန့်စားရဲကြတဲ့ သာဓကတွေ အများကြီးရှိတယ်။ ရန်သူလက်တွင်း အကျမခံဘဲ ဗိုလ်တထောင်မှာ ၆ ထပ်တိုက်ပေါ်က ခုန်ချစွန့်စားခဲ့ကြသူတွေဟာ ထင်ရှားတဲ့သာဓကပဲ ဖြစ်တယ်။
ဒီလိုပဲ ၂၀၂၁ စက်တင်ဘာလထဲမှာ စကစတပ်က ဖမ်းမိပြီး အသတ်ခံရမယ့်ဆဲဆဲမှာ လက်သုံးချောင်းထောင်ပြရင်း ရဲဝံ့စွာ အသေခံသွားတဲ့ ကရင်နီလူငယ် ပါစကွာလယ်နဲ့ ဖီးဒေးလယ်တို့ဟာလည်း ယုံကြည်ချက်အတွက် စွန့်လွှတ်ခဲ့တဲ့ သာဓကတခုပါပဲ။ သာဓကတွေ နောက်ထပ် အများကြီးရှိသေးတယ်။ ရှည်နေမှာစိုးလို့ ဒီလောက်ပဲပြောတာ။
အောက်ခြေစစ်သားတွေ အမိန့်မနာခံဘူးဆိုတဲ့ မင်းအောင်လှိုင် ပြောစကားတွေကလည်း ဒီအတိုင်းပါပဲ။ ခေါင်းဆောင်ရဲ့ အကျင့်သီလကို မယုံကြည်တာ။ အမှန်တရားဘက်မှာ မရှိတာ။ တရားတဲ့စစ် မဟုတ်တာတွေကြောင့်ပါပဲ။ ပြည်သူကို မျက်မှောက်ပြုပြီး ပြည်သူ့အကျိုးစီးပွားကို ငဲ့မကြည့်တဲ့ စကစခေါင်းဆောင်တွေကို မယုံကြည်တော့တာကြောင့် အမိန့်နာခံမှု မရှိတော့တာ။ အမိန့်နာခံမှု မရှိချိန်ကစပြီး အဲဒီတပ်ဟာ အရှုံးကိုသာ ကြုံတွေ့ရတော့မှာပဲ။
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်ရဲ့ ၄ လပတ် မိန့်ခွန်းဟာ စကစတပ်ရဲ့ ယိမ်းယိုင် ချွတ်ခြုံကျနေတဲ့ အခြေအနေအမှန် ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီအချက်တွေကို ခြုံငုံသုံးသပ်ပြီး သင်ခန်းစာယူကြရမှာပါ။
‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ ဆွန်ဇူးရဲ့ ‘စစ်ရေးစစ်ရာ ၅ ရပ်ထဲက တရပ်ဖြစ်တဲ့ “တရားနည်းလမ်းကျခြင်း၊ ကျင့်ဝတ်သီလရှိခြင်း၊ အမှန်တရားကို ဆုပ်ကိုင်ရဲခြင်းနဲ့ ပြည်သူ မျက်မှောက်ပြုထားခြင်း” ဆိုတဲ့ အချက်တွေကို အလေးအနက်ထားနိုင်ကြပါစေကြောင်း တင်ပြလိုက်ရပါတယ်။
ရဲဘော်တို့ရဲ့ နွေဦးတော်လှန်ရေး မုချအောင်ရမည်။
ဂန္ထဝင်မောင်တူး