စစ်ကိုင်းတိုင်း မြင်းမူမြို့အထကကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ လူငယ် ၂ ယောက် ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားတွေ ခြင်းခတ်နေချိန် လူငယ် ၂ ယောက်က လာရောက် ပစ်ခတ်ခဲ့တာလို့ မျက်မြင်ဒေသခံ တဦးက ပြောပါတယ်။
“လာပစ်တာက လူငယ်လေးတွေ နှစ်ယောက် ဆိုက်ကယ်နဲ့ လာပစ်သွားတာ။ ပေါက်ကွဲအသံကြား လိုက်လို့ ကြည့်လိုက်တော့ ပစ်တဲ့ကလေးနှစ်ယောက်က ဆိုက်ကယ်ကို အပြေးမောင်းသွာတာ မြင်လိုက်ရတယ်။ စစ်သားတွေ သေတာလား၊ မြေပြင်ဝတ်နေတာလားတော့ မသိရဘူး။ အတုံးအရုံး မြေပြင်ပေါ်ကျနေတာ မြင်ခဲ့ရတယ်။ ကိုယ်လည်း အခြေအနေမဟန်ဘူးဆိုပြီး အဲဒီ နေရာကနေ အပြေးထွက်လာခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တဲ့အသံတွေ ကြား ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးနဲ့ပစ်ခတ်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ True Fighter အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “ကျနော်တို့ ပစ်ခတ်ခဲ့တာ။ သေဆုံးတာ ၇ ယောက်လို့ ဖရဲသီးဆီက သတင်းပြန်ကြားတယ်။ ပစ်ခတ်ခဲ့တာက လျှပ်ဆား လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီဗုံးက သာမန်လက်ပစ်ဗုံးထက် ပြင်းအားက နှစ်ဆပိုတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို DVB က အတည်မပြုနိုင်သေးဘဲ ဒေသခံတွေ ကတော့ စစ်ကောင်စီတပ်က မြင်းမူမြို့ မြောက်သင်္ချိုင်းကို အရပ်သားပြည်သူတွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း မိုးတားလေးကျေးရွာနဲ့ မြေနုရွာကနေထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ မိုးတားတိုက်နယ် (ပ.က.ဖ) ဗိုလ်သာလိကာ ဦးဆောင်တဲ့အဖွဲ့တို့ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီလောက်က အထက်ဝဲကြီး ကျေးရွာနားမှာ မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖအဖွဲ့က ပြောပါတယ်။
“ကျနော်တို့ဘက်က ပစ်တဲ့လက်နက်ကြီး ကျည်ကျပြီး သူတို့အခေါ် ဗိုလ်လေး ၁ ကောင်နဲ့ အများအပြား ထိခိုက်ပြီး သေဆုံးတာတွေ ရှိနိုင်တယ်။ စက်လှေငယ်တွေနဲ့ ကသာဘက်ကို အရေးပေါ်ပို့နေတယ်လို သိရတယ်။"
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ အထက်ဝဲကြီးရွာအဝင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး ရွာသူ/ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။