ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးဟာ စက်တင်ဘာ ၁၄ ရက်နေ့ည ၈ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို မနေ့ည ၈ နာရီမှာ အမည်မသိအမျိုးသားနှစ်ဦးက နေအိမ်မှာပင် သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်သံတွေ ဆက်တိုက်ကို ကြားတာ၊ အစကတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်တယ်ထင်တာ၊ နောက်မှ အုပ်ကြီးကိုလာပစ်တာ ပွဲချင်းပြီးပဲ” လို့ ရှင်းပြပါတယ်။
အမည်မသိသူနှစ်ဦးက ကားနဲ့ရောက်လာကာ နေအိမ်ရှေမှာထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“၁၁ ချက်ပစ်တာ ငါးချက်ထိတယ် ပွဲချင်းပြီးပဲ။ သူ့မိသားစုကိုဘာမှမလုပ်ဘူး၊ အုပ်ကြီးကိုပဲပစ်တာ။ ကြားတာတော့ ပြည်သူ့စစ်ဖွဲ့ဖို့ စာတင်လို့ လာပစ်တာလို့ ပြောကြတယ်။ အရင်အုပ်ချုပ်ရေးမှူးတုန်းကလည်း ပစ်တာပဲ၊ စစ်တပ်ကိုသတင်းပေးလို့ ပစ်သတ်ခံရပြီးပြီ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက တော်ကူးကျေးရွာမှာ နေသူတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့ ညကလည်း တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နဲ့ ဆယ်အိမ်မှုးတဦး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်း မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၉ ကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှုးတဦး၊ ရာအိမ်မှူးတဦးနဲ့ အရပ်သားတဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။