မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာလအတွင်းက အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ငွေတောင်းခံတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်မြို့တွင်းက လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ PSI စလောင်းတွေ ရောင်းချမှုရှိလား ဆိုတာကို ဝင်ရောက်စစ်ဆေးပြီး ငွေတောင်းခံနေတာလို့ ဆိုပါတယ်။
“ခုက သူတို့ငွေရှာပြီ၊ အီလက်ထရောနစ်ဆိုင်တွေ ဝင်စစ်တယ်၊ ငွေတောင်းတယ်။ သူဌေးအိမ်တွေကို သံသယလိုလိုနဲ့ ဝင်စစ်တယ်၊ ငွေတောင်းတယ်။ မြို့တွင်းမှာလည်း ရဲတွေက ဆိုင်ကယ်တွေဖမ်းပြီး ငွေတောင်းတာတွေရှိတယ်။”
မိုးကုတ်မြို့တွင်းက နာမည်ရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေကို အဓိကထား ငွေကြေးတောင်းခံနေပြီး တောင်းတဲ့ငွေပမာဏကလည်း သတ်မှတ်ထားတာမရှိဘဲ တောင်းချင်တဲ့ ပမာဏကို တောင်းတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖြတ်သန်းသွားလာတဲ့ အမျိုးသမီးတွေကို အိန္ဒြေပျက်ပြားအောင် စနောက်တာတွေရှိနေပြီး လမ်းသွားလမ်းလာတွေကို ဆဲဆိုတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကင်းပုန်းဝပ်တာအပြင် တပ်စွဲထားပြိီး မိုးကုတ်မြို့အနီးက ကျေးရွာတွေကိုလည်း အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။