ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၉ ယောက် ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေးဌာန ပူးပေါင်းအဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက် လှည့်လည်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီကနေ ဒီကနေ့ မွန်းလွဲ ၁ နာရီကြား မတူညီတဲ့ နေရာ ၂ ခုကနေ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၄၂ ယောက်နဲ့ အမျိုးသမီး ၁၇ ယောက်၊ လမ်းပြ ၅ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကနေလာကြပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားခ တဦးကို ဘတ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ထိ အကုန်ခံ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး ကိုယ်ပူချိန်အဖျားတိုင်းပြီး လဝက ဥပဒေနဲ့ အရေးယူဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။