မုံရွာမြို့နယ် ညောင်ဖြူပင်ရဲကင်းမှ စျေးဝယ်ထွက်တဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ကို စက်တင်ဘာ ၁၂ ရက် မနက် ၈ နာရီခွဲက အမည်မသိသေနတ်သမားတွေက ပစ်ခတ်ပြီး သေနတ် ၂ လက် ယူသွားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မုံရွာ-အမြင့်ကားလမ်းပေါ်က ကုန်စုံဆိုင်မှာ စျေးဝယ်နေတဲ့ ရဲ ၂ ယောက်ကို သေနတ်သမားတွေ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“စျေးဝယ်နေတဲ့အချိန် ပစ်တာ။ သေနတ်သံတွေ ဆက်တိုက်ပဲ။ ရဲ ၂ ဦး သွေးအိုင်ထဲ လဲနေတော့ သေနတ် ၂ လက်ယူပြီး ထွက်သွားကြတာ။”
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက "ရဲ ၂ ဦး သေတာမှန်တယ်။ ရာထူးကတော့ စုံစမ်းနေတုန်း။ သေနတ် ၂ လက်ပါသွားတယ်” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်နဲ့ ရဲတွေက မုံရွာ-အမြင့်ကားလမ်းပေါ်မှာ အင်အားအများအပြားနဲ့ လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် မနက်ပိုင်းကလည်း ညောင်ဖြူပင်နယ်မြေရဲကင်းစခန်းက စခန်းမှူး ရဲအုပ်အောင်မျိုး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။