မကွေးတိုင်း ပခုက္ကူခရိုင် အကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုစစ်ဆေးနေဆဲ နိုင်ငံရေးအကျဥ်းသား ၅ ယောက် စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီလောက်က ထောက်ဖောက် ထွက်ပြေးလာတယ်လို့ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သူတို့ အစီစဥ်နဲ့ သူတို့ ထောင်ဖောက်ပြီး ထွက်လာတယ်။ အပြင်ရောက်တော့မှ ကျနော်တို့ကို ချိတ်ဆက်လို့ မြို့နယ်ပကဖနဲ့အဖွဲ့တွေ ချိတ်ဆက်ပြီး လမ်းကြောင်းကူညီပေးခဲ့တာပါ။ အခုတော့ လွတ်မြောက်တဲ့နေရာ ရောက်နေပြီ။"
ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက်ထဲမှာ တော်လှန်ရေးရဲဘော် နှစ်ယောက်ပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဖမ်းဆီးခံထားရသူ ၃ယောက် ပါဝင်တယ်လို့ သူက ပြောပါတယ်။
ပခုက္ကူခရိုင်အကျဥ်းထောင်ထဲကနေ အကျဥ်းသား ၅ ယောက် ထွက်ပြေးသွားပြီးနောက် အကျဥ်းထောင်ကို အကျဥ်းဦးစီးဌာန တာဝန်ရှိသူတွေ ရောက်လာပြီး အကျဥ်းသားတွေကို ကား လေးစီး နဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲ ခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ Young Force (UG) တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ (၂)၊ Pakokku Ranger၊ RSO (PKU) အဖွဲ့နဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေ ပူးပေါင်းကာ နေရာအလိုက် တာဝန်ခွဲဝေပြီး ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အကျဉ်းသားတွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။