မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မိဖုရားကျေးရွာကို စက်တင်ဘာ ၉ ရက်မနက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးတွေဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံရွာသားဆီကနေ သိရပါတယ်။
ရေစကြိုဘက်ကနေ ထိုးလာတဲ့ အင်အား ၈၀ လောက်ပါတဲ့စစ်ကြောင်းဟာ ဒီနေ့ စက်တင်ဘာလ ၁၀ ရက်မနက် ၁၀ နာရီလောက်မှာ ရေလယ်ကျွန်းဒေသက မိဖုရားကျေးရွာကို မီးရှို့ဖျက်ဆီးနေကြတာလို့ မိဖုရားရွာဒေသခံတယောက်က ပြောပါတယ်။
“စစ်(...)တွေစစ်ကြောင်းထိုးနေလို့ ကျနော်တို့ တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ အခုမနက်မှာ ရွာဘက်ကနေ မီးခိုးလုံးတွေတက်လာတာ လှမ်းမြင်နေရတယ်။ ဘယ်သူမှလည်း သွားမငြှိမ်းရဲလို့ သူတို့စိတ်ကြိုက်ရှို့ကြတော့မှာပါ။ အဲဒီ စစ်(...)တွေ ပြန်ထွက်သွားပြီး စိတ်ချရပြီဆိုမှ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွာထဲဝင်ပြီး နေအိမ်ဘယ်လောက် မီးလောင်တယ်ဆိုတာကို စာရင်းကောက်ရမှာ။”
ရွားသားတွေဟာ ရွာကနေ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရတာဖြစ်လို့ စားစရာသောက်စရာတွေလည်း ပါမလာကြဘဲ လတ်တလော ဘုန်းကြီးကျောင်းတွေ၊ စာကျောင်းတွေနဲ့ တချို့က တောထဲတွေမှာ မိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင်နေကြရပါတယ်။
စစ်ဘေးရှောင်ရွာသားတယောက်က “ကျနော်တို့ စစ်ဘေးရှောင်တွေအနေနဲ့ စာနပ်ရိက္ခာ၊ အမိုးအကာ၊အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ အရေးပေါ်လိုအပ်နေလို့ ပြည်တွင်း ပြည်ပက မိဘ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့စည်းတွေကို ချိတ်ဆက်ပြီး တတ်နိုင်သရွေ့ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်တယ်”လို့ ပြောပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ဇူလိုင် ၂၆ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေလို့ ကျေးရွာ ၃၀ ကျော်လောက်က ဒေသခံပြည်သူ ၅၀၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မီးဘေးသင့်၊ စစ်ဘေးရှောင် အကူညီပေးရေးအဖွဲ့နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။