(၁)
၁၉၇၂ ခု၊ နွေနံနက်ခင်းတခု...။
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့နေ၊ ပဲခူး) ၏ ခေါင်းဆောင်မှုဖြင့် ဝါးထရံကာ ခြံတခုအတွင်း ဝင်လာစဉ် ကျနော်တို့သည် နှင်းဆီခင်းတခုဘေးမှ လျှောက်လာခဲ့ကြ၏။
သုံးဘက်သုံးတန် ထရံကာ ဝါးကြမ်းခင်းတဲတလုံးရှေ့တွင် လူငယ်တချို့ ရောက်နှင့်နေကြပြီ။ တချို့ တဲပေါ်တွင် ထိုင်လျက်။ တချို့ တဲအောက်တွင် ရပ်လျက်။ တဲရှေ့ နေပူအောက်တွင် ရွှံ့များ ပေရေ ခြောက်ကပ်နေသည့် စားပွဲတလုံး။ စားပွဲဘေးတွင်မူ ထိုင်စရာကုလားထိုင် မရှိ။
ကျနော်က သူ့ကို တွေ့ချင်နေသည်။ ရောက်ရောက်ချင်း လူအုပ်အတွင်း သူ့ကို စိတ်အထင်နှင့် လိုက်ရှာကြည့်မိသည်။ ခန့်မှန်းလို့မရ။ မအောင့်နိုင်၍ ကိုစန်းမောင်ကို မေးကြည့်မှ သူသည် အပြင်ခဏသွားနေကြောင်း သိရ၏။ ဧည့်သည်တွေကို သည်အတိုင်းထားကာ ဘာကြောင့် အပြင်ထွက်နေပါလိမ့်ဟု တွေးမိသေးသည်။ အိမ်ရှင်ဖြစ်သူ သူ့ကို ကျနော် တွေ့ချင်နေသည်။
ကျနော်နှင့် အသက်အရွယ် မတိမ်းမယိမ်း လူငယ်တချို့ ရောက်လာကြပြန်သည်။ မြင်ဖူး သိဖူးသူများလည်း ပါသည်။ မမြင်ဖူးသူများလည်း ပါသည်။ ဆရာဗန်းမော်တင်အောင်က ရောက်လာပြီးမှ ပြန်သွားသည်ဟု သိရ၏။ ဘာကြောင့် ပြန်သွားရတာလဲဟု မေးချင်သော်လည်း မမေးသင့်ဟု ယူဆကာ မျိုသိပ်ထားလိုက်၏။
တဲပေါ်က လူငယ်တချို့ကြားတွင် အသက်ငါးဆယ်အရွယ် လူတဦး ထိုင်နေသည်ကို တွေ့ရသည်။ အသားဖြူဖြူ ဆံပင်ကောက်ကောက် မျက်မှန်တပ်ထား၏။ စိတ်ထဲ၌ မြင်ဖူးသည်ဟု ယူဆနေစဉ် “အဲဒါ ဆရာဒဂုန်တာရာလေကွာ” ဟု ကိုစန်းမောင် ပြောပြမှ ကျနော် သူ့ကို မှတ်မိသွားခဲ့သည်။
တဲရှေ့တွင် ယာယီထင်းမီးဖိုတခုပြုလုပ်ကာ ထမင်းအိုးကြီးတလုံး တည်ထားသည်ကို တွေ့ရ၏။ ခြံဝင်းတခုလုံးနီးပါး နှင်းဆီပင်များ စနစ်တကျ စိုက်ထားသည်ကိုလည်း တွေ့ရ၏။ ရဲရဲနီသော နှင်းဆီပွင့်များ အပင်တိုင်းလိုလိုမှာ ပွင့်လျက်ရှိနေသည်။
နာရီဝက်ခန့်ကြာသောအခါ လူတယောက် ခြံဝင်းအတွင်း ခြေလှမ်းကျယ်ကျယ်လှမ်းကာ ဝင်လာသည်ကို တွေ့ရသည်။ အသက်အရွယ်မှာ နှစ်ဆယ့်ငါးနှစ်ခန့်ရှိသူ။ အနားရောက်တော့ အသားခပ်ညိုညို ခပ်ရေးရေးအပြုံး။ တစုံတယောက်က “ဟော ပြန်လာပြီဗျ” ဟု ပြောလိုက်သည်။ သူက လက်ထဲမှ အထုပ်တထုပ်ကို မြှောက်ပြကာ “ဧည့်သည်တွေကို အမဲသားနဲ့ သင်္ဘောသီး ချက်ကျွေးချင်လို့ ဈေးသွားလိုက်တာပါ” ဟု ပြောပြောဆိုဆို ကျနော့်ဘေးတွင် လာ၍ ရပ်လိုက်လေသည်။ သူ့ကို ကျနော် စတင်မြင်တွေ့သိကျွမ်းရခြင်း။ စာရေးဆရာ နိုင်ဝင်းဆွေ...။
ထိုအချိန်က နိုင်ဝင်းဆွေမှာ နိုင်ငံကျော်စာရေးဆရာတယောက် ဖြစ်နေပြီ။ ...အပစ်အခတ်၊ အညစ်အပတ်၊ အညှစ်အသတ် ဝတ္ထုများ မဟုတ်။ ဘဝသရုပ်ဖော် ဝတ္ထုများကိုသာ ရေးဖွဲ့သူ။ သူသည်ကား အသက် ဆယ့်ခွန်နှစ်နှစ်အရွယ်၌ “မဟူရာမေတ္တာ” ကို ရေးဖွဲ့ခဲ့သူ။ “မသိန်းရှင်ဆီ ပို့ပေးပါ”၊ “နွေတည”၊ “မြစပယ်ရုံ”၊ “ညအသင်္ချေမှာ” အစရှိသော ဝတ္ထုများဖြင့် မြန်မာစာပေလောကကို လှုပ်လှုပ်ရှားရှားဖြစ်စေသူ။
ကျနော်တို့သည် စာရေးဆရာ နိုင်ဝင်းဆွေ၏ မြောက်ဥက္ကလာပ နှင်းဆီခြံကလေးအတွင်းမှ သူ နေထိုင်အိပ်စက်သော တဲကလေးတွင် “စာပေဆည်းဆာ” ကို မွေးဖွားခဲ့ကြ၏။ ဤတဲကလေးတွင် “မိုးဝေစာပေမဂ္ဂဇင်း” အပေါ် မှီကာ နိုင်ငံအနှံ့ စုစည်း၍ ရနိုင်သမျှ စာရေးသူ လူငယ် လေးဆယ်ကျော်တို့ တွေ့ဆုံခဲ့ကြသည်။ ထိုလူငယ်များမှာ အကြောင်းကြောင်းကြောင့် မိုးဝေစင်မြင့်မှခွာရန် အားလုံး ဆုံးဖြတ်ခဲ့ကြသောနေ့။ အခြားမဂ္ဂဇင်းများတွင်လည်း စာမရေးချင်ကြ။ သည်ကြားထဲ အုပ်စိုးသူက စကားပြေတွင်သာမက ကဗျာကိုလည်း စကားလုံး တလုံးချင်းစီခွဲ၍ ဖြတ်တောက်စိစစ်ခြင်းများ ပြုလုပ်လာခဲ့ပြီ။
ထိုစဉ်က ကျနော်တို့အကြားတွင် နိုင်ငံရေးကိစ္စ ဆွေးနွေးရန် အကြောင်းမရှိ။ မည်သူ့ကို ဦးတည်ရမည်၊ မည်သူ့ဘက်က အသိရှိရှိ ရပ်ရမည်ဆိုသည့် ကိစ္စအပေါ် အငြင်းပွားရန် မလိုတော့။ သို့သော် စာမျက်နှာအခက်အခဲကိစ္စ၊ အတတ်ပညာကိစ္စ ပျံ့နှံ့ရေးနှင့် မြှင့်တင်ရေးကိစ္စ အစရှိသည်တို့အတွက်မူ ငြင်းကြ ခုံကြရ၏။ အများစု တူညီမှုရလျှင် အလုပ်လုပ်ရန် ဆုံးဖြတ်ကြ၏။
ထို “စာပေဆည်းဆာ” လှုပ်ရှားမှု၏ အသီးအပွင့်များအဖြစ် နေရာဒေသအလိုက် ကဗျာစာအုပ်များ ထုတ်ကြ၏။ “နွေဦးသစ်မှာ ပေါ်တဲ့ပွင့်သစ်၊ မတ်လအရိပ်၊ မိုးရိပ်လေရိပ် (ရန်ကုန်)”၊ “တောင်ညိုခင်တန်း (ပျဉ်းမနား)”၊ “ဒီရေ၊ ဆီးပွင့် (ပဲခူး)”၊ “နေထဲကလ၊ သစ်ရွက်သေများပေါ်က ရက်စက်သောဂီတ (ရန်ကုန်)” ကဗျာစာအုပ်များ ထွက်ပေါ်လာခဲ့ကြပါသည်။ ဖယောင်းပုံနှိပ်စာအုပ်များအဖြစ် ထုတ်ဝေခဲ့ကြရခြင်း ဖြစ်သည်။
မှတ်မှတ်ရရ… ထိုနေ့က အနယ်နယ်အရပ်ရပ်က ရောက်လာသော လူငယ်လေးဆယ်ကျော်အနက် “နိုင်ဝင်းဆွေ” မှာ တဦးတည်းသော စကားပြေသမား။ ကျန်သူအားလုံး ကဗျာရေးသူများချည်း ဖြစ်ကြလေသည်။ ထိုနေ့မှစ၍ သူ့ကို ကျနော်က အများနည်းတူ “ကိုနိုင်ဝင်း” ဟူ၍ပင် ခေါ်ဝေါ်ဆက်ဆံခဲ့ပါသည်။
(၂)
၁၉၇၃ ခု၊ ဆောင်းလယ် တနေ့...။
ပဲခူးမြို့ ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်တွင် ဘုရားဖူးလာသူ ကျဲပါးလျက်ရှိ၏။
လူငယ်နှစ်ဆယ်ကျော်ခန့်သည် ဘုရားအနောက်ဘက်သို့ဆင်းရာ တန်ဆောင်းအနီး ခရေပင်ကြီး တပင်အောက်တွင် ဝိုင်းစုပြီး ထိုင်နေကြ၏။ လူသုံးယောက်မှာ လူအုပ်နှင့် မျက်နှာချင်းဆိုင်ကာ အနည်းငယ်ခွာ၍ ထိုင်နေ၏။ လူအုပ်နှင့် ထိုသူသုံးဦးကြားတွင် လက်ဖက်ရည်ကြမ်းအိုး နှစ်လုံး၊ လက်ဖက်သုပ်တပွဲ၊ ဆေးလိပ်တစည်း ချထား၏။
လူငယ်နှစ်ဆယ်ကျော်ခန့်ရှေ့တွင် ထိုင်နေကြသူ သုံးဦးမှာ… ရန်ကုန်မှလာကြသော စာရေးဆရာ ကဗျာဆရာများ ဖြစ်ကြ၏။ စာရေးဆရာ နိုင်ဝင်းဆွေ၊ ထက်မြက်၊ ကဗျာဆရာ အောင်ဇင်မင်း။
သူတို့သုံးဦး ရောက်မလာခင် ဆယ်ရက်ခန့်က ကျနော်တို့ဆီသို့ “မိုးကြိုမုန်တိုင်း” ဝေဖန်ရေးစာမူတခု ရောက်လာခဲ့၏။ ထိုစာမူကို ပဲခူးမြို့ပေါ်က စာပေဝါသနာရှင်လူငယ်များ တလှည့်စီ ဝိုင်းစုပြီး ဖတ်ကြရ၏။ အလှည့်မဆုံးသေးခင်မှာပင် “မိုးကြိုမုန်တိုင်း” မှာ ကျနော်တို့ကြား၌ ဗုံးတလုံးပေါက်ကွဲသလို ဖြစ်လာခဲ့၏။ ငြင်းကြ ခုန်ကြ စိတ်ဆိုးကြရ၏။ သည်လိုနှင့် “မိုးကြိုမုန်တိုင်း” ဖန်တီးသူများထဲမှ ကိုယ်စားလှယ်သုံးဦး ရောက်လာကာ ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်တွင် စာပေဆွေးနွေးပွဲ ပြုလုပ်ကြရလေသည်။
ကျနော်နှင့် ကိုစန်းမောင်က လူငယ်တချို့ကို ခေါင်းဆောင်ကာ “မိုးကြိုမုန်တိုင်း” အပေါ် ဝေဖန်ထောက်ပြနိုင်ဖို့ ကြိုးစားကြ၏။ ကျနော်တို့သည် “ဝေဖန်ရေးနှင့် မိမိကိုယ်မိမိ ဝေဖန်ရေး” ကို လက်ခံသည်။ သို့သော် “မိုးကြိုမုန်တိုင်း” မှာ ဝေဖန်ရေးမဟုတ်။ ယင်း၏ အမှာစာအရပင် ဤစာအုပ်မှာ “အဟောင်းကို ဖာထေးခြင်းမဟုတ်၊ ငှက်မွေးနှင့် သပ်ခြင်းမဟုတ်၊ အမြစ်ကလှန်၍ အငုတ်မကျန်အောင် တိုက်လှန်ခြင်းဖြစ်သည်” ဟု ဆိုထားသဖြင့် စည်းတားခြင်းဖြစ်ကြောင်း။ သည်လိုလုပ်လျှင် အတွင်းစည်း ဖြေရှင်းနည်း မဟုတ်တော့ဘဲ ရန်,ငါ သဘောဖြစ်နေကြောင်း။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာတို့ နှစ်ဦးအပေါ် ဒီလိုလုပ်ဖို့ မသင့်ကြောင်း။ လုပ်လျှင်လည်း မှားသည်ဟု ယူဆကြောင်း၊ စာအုပ်အဖြစ်ထုတ်ဝေဖို့ မသင့်ကြောင်း ဝိုင်းဝန်းကန့်ကွက်လိုက်ကြ၏။
ထိုနေ့က ဤသို့ မဆုံတွေ့ခင်ကပင် ကြိုတင်ညှိနှိုင်းထားပြီးဖြစ်သဖြင့် ကျနော်တို့ဘက်မှ ရှည်ရှည်ဝေးဝေး မပြောလိုက်ရဘဲ ဆွေးနွေးပွဲမှာ နိဂုံးချုပ်သွားခဲ့လေသည်။ (နောင်တွင် မိုးကြိုမုန်တိုင်း သဘောထားကို ကိုအောင်ဇင်မင်းက လက်မခံကြောင်း ကြားရ၏။)
ဘုရားရင်ပြင်တော်ပေါ်မှအဆင်း နိုင်ဝင်းဆွေသည် ကျနော့်ပခုံးကိုဖက်ကာ “အေးဗျာ ဒီလို အယူအဆ မတူကြရတာ ကျနော်လည်း စိတ်မကောင်းဘူး” ဟု တတွတ်တွတ် ပြောလာခဲ့၏။
ကျနော်တို့အထဲမှ လူငယ်တချို့က နိုင်ဝင်းဆွေ၏လက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်စကား ပြောနေကြ၏။ ဆိုက်ကားနှစ်စီးဖြင့် ထွက်ခွာသွားကြသူ သူတို့သုံးဦးကို ကြည့်ကာ ကိုစန်းမောင်က ခေါင်းကိုခါ၍ စိတ်ပျက်သလို ရပ်နေလေသည်။
နောက် ခြောက်လခန့်အကြာတွင် “မိုးကြိုမုန်တိုင်း” စာအုပ် ထွက်လာ၏။ သည့်နောက်ပိုင်း နိုင်ဝင်းဆွေနှင့် ကျနော်တို့မှာ ခပ်တန်းတန်း ဖြစ်လာကြရ၏။ ပဲခူးမြို့ စာပေဝါသနာရှင် လူငယ်များထဲမှ ငါးဦးခန့်မှာ (ကဗျာဆရာ စိုးမိုးတင်-ခရေ အပါအဝင်) လည်း “မိုးကြိုမုန်တိုင်း” ကို ထောက်ခံသည်ဟုဆိုကာ ကျနော်တို့နှင့် ခေါ်ပြောနှုတ်ဆက်သာသာ ဖြစ်သွားခဲ့လေသည်။
(၃)
၁၉၇၈...
နိုင်ဝင်းဆွေတို့ “ပန်ဆန်း” သို့ ထွက်ခွာသွားကြကြောင်း ကြားရသည်။ သူတို့နှင့်အတူ ပဲခူးမှ စိုးမိုးတင်-ခရေလည်း လိုက်ပါသွားခဲ့၏။
ကိုစန်းမောင်မှာ ရှေ့နေလုပ်နေ၏။ စာရေးဆရာ သခင်မြသန်း တောတွင်းတနေရာတွင် ဖမ်းမိ၍ ရုံးတင်သောအခါ ရှေ့နေလိုက်ပေးခြင်းဖြင့် ပဲခူးတွင် ထင်ရှားသည့်ရှေ့နေတဦး ဖြစ်လာခဲ့၏။
ကျနော်သည် အစိုးရဝန်ထမ်း မူလတန်းပြကျောင်းဆရာဘဝကို စွန့်ခွာကာ စစ်တောင်းမြစ်ဘေး၊ “ဘွားအေစု” ခေါ် တံငါရွာကလေးတွင် ရွာငှားကျောင်းဆရာအဖြစ် ရှိနေခဲ့၏။ “မိုးဝေမဂ္ဂဇင်း” တွင် ရေးဖော် ကဗျာဆရာများ စာပြန်ဝင်ရေးလာကြသည်ကို တွေ့သဖြင့် ကဗျာတပုဒ်စ နှစ်ပုဒ်စနှင့် ဝတ္ထုတိုတပုဒ်ကို မဂ္ဂဇင်းစာမျက်နှာပေါ် တင်လိုက်မိသေး၏။ သို့သော် အယ်ဒီတာက မိမိ၏ “နှလုံးသားထဲက ပန်းချီကားချပ်များ” ဝတ္ထုတိုအပေါ် မလိုအပ်ဘဲ ဖြတ်တောက်ဖော်ပြသည်ကို မကျေနပ်သဖြင့် “မိုးဝေ” သို့ စာမူများ နောက်ထပ်ပြီးမပို့တော့။
(၄)
မယ်တုက္ခီစမ်းချောင်းရေမှာ ကြည်လင်လွန်းလှသည်။ ကျနော်က ကျောက်တုံးတခုပေါ်တွင် အဝတ်ဖွပ်နေစဉ် ချောင်းစပ်သို့ဆင်းလာသည့် လူသံကြောင့် မော့ကြည့်မိ၏။ လူတယောက် လက်ဆွဲသားရေအိတ်တလုံး ပခုံးတွင်လွယ်ကာ ဘောင်းဘီကို မတင်ဆွဲစုလျက် ချောင်းထဲသို့ ဆင်းလိုက်သည်။ သူ့နောက်မှ အမျိုးသမီးတဦးက ရေထဲသို့ဆင်းရန် ထဘီစကို ဆွဲနေ၏။
ချောင်းထဲသို့ ဆင်းလာသူသည် ကျနော့်ကို တချက်လှမ်းကြည့်ပြီးမှ တဖက်သို့ မျက်နှာလွှဲသွား၏။ ခြေလှမ်း နှစ်လှမ်းခန့်သွားပြီးမှ ကျနော့်ဘက်သို့ တဖန် မျက်နှာပြန်လှည့်လာခဲ့၏။ ကျနော်တို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြသည်။
“ဟာ ကိုနိုင်ဝင်း”
“ဟေး.. ကိုငြိမ်းဝေ၊ ခင်ဗျားရောက်နေတာ လှေဆိပ်မှာကတည်းက ကြားတယ်၊ ကျနော် မဲဆောက်ကို ကိစ္စတခုရှိလို့ သွားနေတာပါ၊ ဒါ ကျနော့်အမျိုးသမီး၊ ပန်ဆန်းမှာ ကျနော် အိမ်ထောင်ကျခဲ့တာ၊ ရေချိုးပြီးရင် အိမ်ကိုလိုက်ခဲ့ဗျာ၊ စကားလေး ဘာလေး ပြောကြရအောင်”
မယ်တုက္ခီစမ်းချောင်းထဲတွင် နိုင်ဝင်းဆွေ၏အသံကို ကျနော်က ယခင်တုန်းကနှင့် တူ၊ မတူ မဝေခွဲတတ်အောင် ဖြစ်နေခဲ့လေသည်။
၁၉၉၂ ၊ စက်တင်ဘာလ ၂၂ ရက်၊ မာနယ်ပလော...။
(၅)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကို ပြန်ရောက်သွားကြသည်။
ထိုစဉ်က ကျနော်က အသက်နှစ်ဆယ်ကျော်။ သူက ကျနော့်ထက် အသက်ငါးနှစ်ခန့်ကြီးသူ။ ကျနော်က ကဗျာတပုဒ်စ နှစ်ပုဒ်စသာ ရေးစပြုသူ။ သူက နိုင်ငံကျော်စာရေးဆရာ ဖြစ်နေပြီ။
သူသည် တခါတရံ ပဲခူးသို့ ရောက်လာတတ်၏။ သူနှင့်ကျနော် ပန်းချီကိုတင်ဦးနှင့်အတူ မဟာစေတီဘုရားကြီး၏ ငှက်ပျောဖူးပေါ် တက်ကြ၏။ ကိုတင်ဦးက ပဲခူးမြို့အပေါ်စီးကို ပန်းချီဆွဲနေစဉ် သူနှင့်ကျနော်က အိန်ဂျယ်၏ “ပုဂ္ဂလိက အိမ်ထောင်မှုအစ အစိုးရတို့၏ မူလဘူတ” စာအုပ်အပေါ် အချေအတင် ငြင်းခုံခဲ့ကြ၏။
သူသည် သူ့ဝတ္ထုများနှင့်ပတ်သက်ပြီး ကျနော်နှင့် တကြိမ်တခါမျှ ငြင်းခုံဖူးခြင်းမရှိခဲ့။ သူက သူ ရေးခဲ့ပြီးသမျှ ဝတ္ထုများကို ကျနော်ကဝေဖန်လျှင် ပြုံးစိစိမျက်နှာထားနှင့်သာ နားထောင်နေတတ်၏။ တခါက “နွေတညနှင့် မသိန်းရှင်ဆီပို့ပေးပါ” ဝတ္ထုများထဲက ဇာတ်သိမ်းပိုင်းမျိုး နောက်ထပ်ပြီး မရေးပါနဲ့တော့လား ကိုနိုင်ဝင်းရယ်.. ဟု ကျနော်က မျက်ရည်တလည်လည်နှင့် တောင်းပန်တော့ သူက ကျနော့်ကို သနားစရာသတ္တဝါတဦးလို ပြန်ကြည့်နေခဲ့၏။ ထိုစဉ်အချိန်က သူသည် ၁၉၇၀၊ ၈၀ ဆယ်စုနှစ်တခုအတွင်း စကားပြေ အရေးအသား အကောင်းဆုံးစာရေးဆရာအဖြစ် နာမည်ကြီးနေလေပြီ။
ယခုအခါ သူနှင့်ပြန်ဆုံစဉ် သူ့ဝတ္ထုများထဲမှ အရေးအသားတချို့ စကားလုံးတချို့ကို ကျနော်က ပြန်ရွတ်ပြတော့ သူက မေ့တေ့တေ့...။ ကျနော် ဒီလိုရေးခဲ့သလားဟု ကျနော့်ကို ပြန်မေးနေသေး၏။
သူနှင့် ကျနော်တို့နှစ်ဦး၏ ငယ်စဉ်က အဖြစ်အပျက်များမှာ တချို့လင်း၊ တချို့မှိန်၊ တချို့ ပျောက်နေ၏။ သူသည်ကား ကျနော့်ထက် ဆယ်နှစ်ကျော်စောကာ ခရီးရှည်ထွက်ခဲ့သူ။
သူနှင့်တွေ့မှပင် ဒိုက်ဦးကိုအောင် မာနယ်ပလောကို ခေတ္တလာပြီး ပန်ဆန်းကို ပြန်သွားကြောင်း သိရ၏။ ကျောက်တံခါးကိုစံဦးတယောက် ကျောက်တံခါး NLD တွင် ဥက္ကဋ္ဌလုပ်နေကြောင်း သူ့ကိုပြောပြတော့ သူက ရယ်နေလေသည်။ စိုးမိုးတင်-ခရေမှာ တရုတ်ပြည်နယ်စပ်တွင် သောင်တင်နေပြီ။
စာပေဆည်းဆာမှာ သုံးအုပ်စု ကွဲသွားခဲ့ကြောင်း၊ တအုပ်စုက “ပန်ဆန်း” သို့ ထွက်ခွာကာ ကျန်နှစ်အုပ်စုမှာ စာပေနယ်တွင် အခိုင်အမာရပ်တည်နေဆဲဖြစ်ကြောင်း ပြန်လည်သုံးသပ်မိခဲ့ကြ၏။
“မိုးကြိုမုန်တိုင်း” ကိစ္စပေါ်ပြီးနောက် သူနှင့်ကျနော် အနေတန်းခဲ့ကြပုံ၊ သူက ပန်ဆန်းကို ထွက်ခွာပုံ၊ ပန်ဆန်းမှတဆင့် မာနယ်ပလောကို သူ ရောက်ရှိလာပုံ၊ ၁၉၉၀ ပြည့်နှစ်။
မာနယ်ပလောတွင် နှစ်နှစ်ကျော်နေပြီးမှ “မဟူရာမေတ္တာ” လို လုံးချင်းဝတ္ထုရှည်ကြီးတပုဒ် ရေးမည်ဟုဆိုကာ ရဟန်းဝတ်ခဲ့၏။ ရဟန်းဝတ်နှင့်နေစဉ် “မဟူရာမေတ္တာ” ဝတ္ထုကြီးရေးစဉ်က သမာဓိတည်ဆောက်ပြီးမှ ရေးခဲ့သလို ယခုလည်း သမာဓိယူမည်ဟုဆိုကာ အပြင်းအထန် တရားထိုင်ခဲ့၏။ ၆ လခန့်အကြာတွင် ငှက်ဖျားရောဂါ ခံစားရပြီး ကျန်းမာရေးချို့ယွင်းလာခဲ့၏။
သူသည် ညပေါင်းများစွာ အိပ်စက်ခြင်းမပြုဘဲ နေ၏။ ရဟန်းဘဝမှ လူဝတ်လဲလိုက်သော်လည်း သူ့ကျန်းမာရေးမှာ ပိုပြီးကောင်းမလာခဲ့။ အထူးသဖြင့် ငှက်ဖျားရောဂါ ပျောက်သွားသော်ငြားလည်း စိတ်ဖိစီးမတည်ငြိမ်မှုမှာ ကျန်နေခဲ့၏။
သူ့အပေါ် လေးစားသူတချို့က သူ့ကို ဆေးကုသပေးရန် ကြိုးစားကြ၏။ သူက နည်းအမျိုးမျိုးဖြင့် ငြင်းဆန်၏။ နောက်ပိုင်းတွင် သူ့အပေါ် အလေးအနက်ထားသူတို့ကိုပင်လျှင် သူက လက်ခံစကားပြောခြင်း မပြုတော့။
ထိုစဉ်အချိန်က ကျနော့်အဖို့ရာမှာလည်း သူ့ကို ထိထိရောက်ရောက် ကူညီနိုင်သည့် ဘဝအခြေအနေမျိုး မဟုတ်။ ကျန်းမာရေး သိသိသာသာ ချို့တဲ့လာစဉ် သူသည် ကျနော့်ကိုလည်း အိမ်သို့မလာရန် တားမြစ်ခဲ့လေသည်။
(၆)
၁၉၉၅၊ ဖေဖော်ဝါရီလ ..။
မာနယ်ပလော ကျဆုံးပြီးနောက် နိုင်ဝင်းဆွေကို ထိုင်းနိုင်ငံ နယ်စပ်ကျေးရွာ၊ “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးအကြိမ်အဖြစ် ကျနော် တွေ့ခဲ့ရပါသည်။
ထိုစဉ်က စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တောတောင်များကို ဖြတ်ကာ ထွက်ပြေးနေကြရချိန် ဖြစ်သည်။ သူ့ကို မိတ်ဆွေတဦး၏အိမ်တွင် ရောက်နေသည်ဟု ကြားသဖြင့် သွားတွေ့ခဲ့သည်။ သူက မည်သူ့ကိုမျှ လက်ခံစကားပြောခြင်းမပြု။ ဘုရားစင်ရှေ့တွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့ရသည်။ သူ့မိသားစုနှင့်သူမှာ တကွဲတပြားစီ ဖြစ်နေကြပြီ။ သူ့ကို ဓာတ်ပုံရိုက်ယူရန် ကြိုးစားကြည့်တော့ သူက ပြင်းပြင်းထန်ထန် ကန့်ကွက်၏။
သူနှင့်တွေ့ပြီး နှစ်ရက်အကြာ ကျနော်သည်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ထွက်ခွာရ၏။ သူ့ကို နှုတ်မဆက်ဘဲ ခွဲခွာခဲ့ရ၏။
ဖွေးပေါလူရွာမှ ကားကြုံနှင့် ထွက်ခွာလာသည့် ညနေဆည်းဆာအချိန် ကားပေါ်တွင်ထိုင်ရင်း သူ့အတွက် စိုးရိမ်နေခဲ့မိသည်။ ကျနော့်မှာလည်း လုပ်ငန်းတာဝန်များနှင့်အတူ ထိုင်း နယ်ခြားစောင့်တပ်များကို မျက်ခြည်ဖြတ်ကာ သက်စွန့်ဆံဖျား ထွက်ခွာလာနေရသဖြင့် သူ့ကို မည်သို့မျှ မကူညီနိုင်ခဲ့။ အမှန်တကယ်ပြောရလျှင် ကျနော့်အခြေအနေက သူ့ကို မဖြစ်မနေ ခေါ်ထုတ်သွားနိုင်လောက်အောင်လည်း အခွင့်အာဏာမရှိခဲ့။ သူကလည်း အကြမ်းဖက် ခေါ်ဆောင်မှသာ လိုက်မည့်ပုံမျိုး ဖြစ်နေသဖြင့် မလွှဲသာဘဲ ထားခဲ့ရ၏။
ဖွေးပေါလူရွာမှအထွက် ရွာဘက်သို့ ပြန်လှည့်ကြည့်သောအခါ ရွာပေါ်တွင် မီးခိုးများအူလျက် ရှိသည်ကို တွေ့ခဲ့ရ၏။
(၇)
စကားပြောခွက်ကို ပုခက်ပေါ် ပြန်တင်ပြီးသည်အထိ ပဒိုမန်းရှာ (ကရင်အမျိုးသားခေါင်းဆောင် တဦး ယခု လုပ်ကြံခံခဲ့ရ) ၏ စကားသံမှာ နားထဲ၌စွဲနေ၏။ ပဒိုမန်းရှာ၏အသံမှာ ဝမ်းနည်းကြေကွဲနေပုံ ရပါသည်။
“ကိုငြိမ်းရေ ဆရာနိုင်ဝင်းဆွေတော့ ဆုံးရှာပြီဗျာ...” တဲ့။
နိုင်ငံကျော်စာရေးဆရာ ဗိုလ်မှူးချစ်ကောင်းက သူ၏ “အနှစ် နှစ်ဆယ်” စာအုပ်အစတွင် “တိုင်းပြည်အတွက် အနှစ် နှစ်ဆယ်မျှ အလုပ်လုပ်လာပြီးနောက် မိမိကိုယ်မိမိ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲတွင် ရောက်နေသည်ကို တွေ့ရသည်...” ဟု ရေးခဲ့၏။
ကျနော်တို့အဖို့မူ အနှစ် နှစ်ဆယ်မျှ စာပေချစ်စိတ်ဖြင့် အရူးအမူးနေလာကြပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သောအခါ နိုင်ဝင်းဆွေက ထိုင်း-မြန်မာနယ်စပ် တောအုပ်အတွင်း သေဆုံးခဲ့ရပြီး ကျနော်ကမူ ဥရောပမဲဇာတွင် သောင်တင်လျက်ရှိသည်ကို တွေ့ရလေတော့သည်။ ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)
၁၈၊ ၁၊ ၁၉၉၆
ဆန်ဗစ်ကာမြို့၊ ကြက်ခြေနီစခန်း။ နော်ဝေး။