ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေ စစ်တွေမြို့ အဝေးသင်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရရှိတယ်လို့ စစ်တွေတက္ကသိုလ် ပညာရေးအသိုက်အဝန်း ကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ပညာသင်ကြားခွင့် ၅ နှစ် ဆုံးရှုံးခဲ့ရပြီး ၂၀၁၈ ခုနှစ်ကျမှ မောင်တောမြို့မှာ အဝေးသင်တက္ကသိုလ် ဌာနခွဲတခု ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြတာပါ။
စစ်တွေတက္ကသိုလ် ပညာရေးဝန်ထမ်းတယောက်က“မောင်တောမှာ အဝေးသင်ဌာနခွဲ ဖွင့်ထားတာတော့ရှိတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာ ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် အနီးကပ်သင်ပြမယ်။ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမတွေနဲ့ ပါမောက္ခတွေ မောင်တောကို မသွားဝံ့ကြဘူး။ နောက်ပြီး ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာ Day တက်ရောက်တဲ့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေကိုလည်း စစ်တွေမှာ ကျောင်းတက်ခွင့်ပြုထားတယ်ဆိုတော့ အဝေးသင်တွေကိုလည်း ခွင့်ပြုလိုက်တာပါ။”
အခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ပညာသင်နှစ်မှာ မောင်တော၊ ဘူးသီးတောင်က Day တက်ရောက်ကြမယ့် မွတ်ဆလင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ၁၀ နှစ်အကြာမှာ စစ်တွေတက္ကသိုလ် တက်ရောက်ခွင့် ရရှိခဲ့ကြပြီး အခုတဖန် အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေပါ စစ်တွေမြို့မှာ ကျောင်းလာရောက်တက်ခွင့် ရရှိကြတာလည်း ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့က မွတ်ဆလင်ကျောင်းသားတယောက်က “ကျနော်က Day ကနေ အဝေးသင်ကို ပြောင်းလိုက်တာပါ။ စစ်တွေမှာနေပြီး Day ကျောင်းတက်ရတာလည်း စားစရိတ် နေစရိတ်နဲ့ မတတ်နိုင်လို့ပါ။ အခုတော့ အဝေးသင်လာတက်တာပါ” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် စစ်တွေအဝေးသင်တက္ကသိုလ်ကို စက်တင်ဘာ ၁၂ ရက်မှာ အနီးကပ်သင်တန်းတွေ စဖွင့်မှာဖြစ်ပြီး စာမေးပွဲကိုတော့ အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ဆေးသွားမှာဖြစ်ကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေထံက သိရပါတယ်။