Home
မြန်မာသတင်း
မြဝတီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို KNLA က ဖမ်းဆီး
DVB
·
September 9, 2022
305575471_188952303581627_7528226599365755746_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (တောနော်အရှေ့ဘက်ခြမ်း) မြဝတီ-ဝေါ်လေလမ်းမပေါ် လူခို့နေရာမှာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်းလာရောက်ပို့ဆောင်တဲ့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ KNLA  က စက်တင်ဘာ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းကို ခမရ ၁၀၂ တပ်ရင်းက ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးတဲ့ အင်အား ၆ ယောက်နဲ့အတူ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို နယ်မြေကျော်ပြီး လာရောက်ပို့ဆောင်ရာ နယ်မြေခံ KNLA တပ်ရင်း ၂၇ နဲ့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာပါ။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေထံက  MA-3 ၂ လက်၊  MA -1 ၁ လက်၊  MA-2 ၁ လက်၊ MA-4 ၁ လက်၊ MA-5 ၁ လက်၊ မဂ္ဂဇင်း ​ဘောက် ၁၇ ချပ်၊ ​ဘောက်အဝိုင်း ၁ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ BSA 1 Scope ၁ လုံး၊ ၅.၅၆ ကျည် ၆၀၀ ​တောင့်၊ ၄၀ မမ ဗုံးသီးအလုံး ၂၀၀၊ ၆၀ မမ ဗုံးသီးအလုံး ၂၀၀ နဲ့ ရိက္ခာ​ခြောက်မားမား​ခေါက်ဆွဲ ၁၂ အိတ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ ရက်က စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်တွေက မြဝတီ - ဝေါ်လေ လမ်းမကို နယ်မြေကျော်ဝင်ရောက်ဖို့ကြိုးစားခဲ့သလို သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားကနေ  မနက် ၉ နာရီခွဲလောက်က တကြိမ်၊ ညနေ ၃ နာရီခွဲလောက်က တကြိမ်၊ ည ၉ နာရီခွဲလောက်က တကြိမ်စီ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကော်ဘရာတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်မြို့နယ်နဲ့၊ ကျိုက်ဒုံမြို့နယ်ရဲ့ ဒေသတချို့မှာ စစ်ကောင်စီစစ်ကူစစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013