မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း သဖန်းပင်ရပ်ကွက်က နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က PDF နဲ့ ပတ်သက်တယ်လို့ဆိုကာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းက ချိပ်ပိတ်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
နေအိမ်အတွင်းက အိမ်ပိုင်ရှင်တွေ တိမ်းရှောင်နေတာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က အကြမ်းဖက် PDF နဲ့ ပတ်သက်တယ်လို့ဆိုကာ ချိပ်ပိတ်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
အမည်မဖော်လိုသူ ရပ်ကွက်နေသူတယောက်က “အိမ်ကို အိမ်စီးကား ၄ စီး၊ ပါဂျဲရိုးကားတစီးနဲ့ စစ်သားတွေရောက်လာတယ်။ အိမ်ထဲက ပစ္စည်းတွေ အကုန်သယ်သွားတာ။ သူတို့သယ်တဲ့ပစ္စည်းတွေရဲ့ အိတ်တွေကိုတောင် အိမ်ရှေ့မှာ ပစ်ခဲ့တာ။ စစ်သားတွေက ရပ်ကွက်ထဲက သက်သေတွေနဲ့ အိမ်ကိုဝင်တာ” လို့ ပြောပါတယ်။
စစ်သားတွေက ရပ်ကွက်အတွင်းကလူတွေကို ချိပ်ပိတ်လိုက်တဲ့အိမ်ကလူတွေနဲ့ မပတ်သက်ဖို့နဲ့ အကြမ်းဖက် သူပုန်ခေါင်းဆောင်အိမ် ဖြစ်တယ်လို့ ပြောသွားသေးတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း ရေပူရပ်ကွက်အတွင်းက နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်သွားခဲ့ပြီး အိမ်ပိုင်ရှင်က ဖမ်းဆီးခံထားရတာ ကြာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။