စစ်အာဏာသိမ်းပြီးတဲ့နောက် မြိတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကဗျာဆရာ ကိုယုပိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ဟာ မြိတ်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မြိတ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရတဲ့ အမျိုးသား ၂၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခု ပြန်လည်လွတ်မြောက်လာတဲ့သူတွေဟာ ၂၀၂၁ ခုနှစ် မတ်လတုန်းက ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပြီး သာမန်လွတ်ရက်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်တဲ့အတွက် ခံဝန်လက်မှတ်ထိုးခဲ့ရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
မြိတ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေတဲ့ အကျဉ်းသား အခန်းလူကြီးတွေ၊ တန်းစီးတွေက နှိပ်ကွပ်တာအပြင် အကျဉ်းထောင် အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို အာရုံစူးစိုက်ပြီး လုပ်ကိုင်ရတဲ့ မျက်တောင်တုထိုးတဲ့ အလုပ်တွေကို နာရီပေါင်းများစွာကြာအောင် စေခိုင်းတာတွေ ရှိတယ်လို့လည်း ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အကျဉ်းသားတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ မြိတ်ကျဉ်းထောင်ထဲမှာ ၅၀၀ ဝန်းကျင်ရှိပြီး အဲဒီထဲက ၁၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။