‘ကိုထိန်လင်း’လို့ ဆိုလိုက်တာနဲ့ အမိမဲ့သားဘဝ နှစ်ပေါင်းများစွာဆိုတဲ့ စကားလုံးက အတားအဆီးမရှိ ပြေးဝင်လာခဲ့တယ်။ အေးစက်နေတဲ့ လူ့ဘဝဟင်းလင်းပြင်ကြီးကို သူ့ငယ်ဘဝမှာတင် မဖြစ်မနေ စတင်လက်ခံခဲ့ရတယ်။ သူ့အဘွား ဒေါ်ခင်ကြည် နေမကောင်းလို့ ဆိုပြီး သွားလိုက်တာ သူတို့အမေဟာ သူတို့ကို ရာသက်ပန် စွန့်သွားလိမ့်မယ်လို့ ဘယ်ထင်မိမလဲ။
၁၀ နှစ်ဆိုတဲ့အရွယ်၊ အမေ့ရင်ခွင်လောက် နွေးတဲ့အရပ်ဟာ ဘယ်ရှိပါ့။ အမေ့ရင်ခွင်မှာ အမေ ပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့ ခမ်းနားလွန်းလှတဲ့ ညတွေဟာ ဘယ်လိုမှ ပြန်ဆက်လို့မရအောင် ပြတ်သွားလိမ့်မယ်လို့ သူ ဘယ်မျှော်လင့်ခဲ့မလဲ။ အေးစက်လွန်းလှတဲ့ ညတွေ၊ ဝရုန်းသုန်းကား အရွယ်နဲ့မမျှ အိပ်မက်တွေကလည်း ဆိုးလှချည့်။
သူ့အမေ အကျယ်ချုပ်ဘဝ စတင်တော့ သူ့အသက် ၁၁ နှစ်သားပဲရှိသေး။ အင်မတန်လုံခြုံမှုရှိတဲ့ အင်္ဂလန်နိုင်ငံသား ကလေးငယ်လေးရဲ့ နားထဲကို ပထမဆုံးအကြိမ် သံရည်ပူနဲ့ လောင်းခဲ့တဲ့ စကားက သူ တခါမှ မကြားခဲ့ဖူးတဲ့ အကျယ်ချုပ်ဆိုတဲ့စကား ဖြစ်မယ် ထင်တယ်။ သူ့အမေရဲ့ ပြတ်သားတဲ့ ရွေးချယ်မှုဟာ သူတို့မိသားစုဘဝကို နောက်ပြန်တချက်မကြည့်ထားခဲ့ပြီ ဖြစ်ကြောင်း သူ့အသိအိမ်ထဲ အဲဒီအကျယ်ချုပ်ဆိုတဲ့ စကားနဲ့အတူ ရောက်လာခဲ့တာလား။
သူ့အတွက် ကံဆိုးတဲ့နေ့တွေက တဖြည်းဖြည်း ပိုစိပ်လာ။ ၁၉၉၉ ခုနှစ်မှာ သူတို့ရှေ့က မားမားမတ်မတ် သူ့အဖေ စောစောစီးစီး ကွယ်လွန်ပြန်တယ်။ အမေက သူတို့ရင်ခွင်ဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘဲ ကျားငစဉ်းလဲတို့ ကြီးစိုးရာ တိုင်းပြည်မှာ အကျယ်ချုပ်ဖြစ်လိုက်၊ ခဏတဖြုတ် ပြန်လွတ်လိုက်။ အဖေက ဘယ်တော့မှ ပြန်မလာနိုင်တော့တာ သေချာတဲ့ မပြန်လမ်းပေါ်မှာ။ အမေ ရှိပေမဲ့ အမေ မရှိတော့သလိုမျိုး။ သူ့အမေကို သူ့အမေတိုင်းပြည်က ပြည်သူတွေက ရာသက်ပန် လုသွားခဲ့တယ်လို့ပဲ ဆိုရမလား။
အမိမဲ့ အဖေမရှိဘဝ သူ ဘယ်လိုဖြတ်သန်းခဲ့လေသလဲ။ ဝမ်းနည်းစရာကောင်းတဲ့ညတွေမှာ အထီးကျန်မှုတွေဟာ သူ့ကို ဘယ်လောက်ထိ လောင်မြိုက်စေသလဲ။ ကံကြမ္မာက လောကကို သိပ်အရွဲ့တိုက်ချင်စရာကောင်းလေတော့ သူ ဘယ်လို အရွဲ့တိုက်ခဲ့လေသလဲ။
ဒါပေမဲ့ မီဒီယာတွေ အင်မတန်စိတ်ဝင်စားတဲ့ သူ့အကြောင်းကိုရော သူ့မိသားစုအကြောင်းကိုပါ တခွန်းမျှ ထုတ်မပြောဘဲ ရေငုံနှုတ်ပိတ် နေထိုင်သွားခဲ့တယ်။ အထီးကျန် တကိုယ်တော် သူ့ဘဝကို ပြန်ထလို့မရတော့တဲ့အထိ ခွေခေါက်လဲမကျအောင် သူ မတ်မတ်ထူနိုင်ခဲ့တယ်။ သူဟာ အင်မတန်တိတ်ဆိတ်လွန်းခဲ့လေတော့ သူ ဘယ်လောက်ထိ ခက်ခဲပင်ပန်းခဲ့သလဲ ဆိုတာကို အားလုံးက မေ့လျော့ခဲ့ကြတယ်။
သူဟာ သူ့အမေကို သူ စိတ်နာမယ်ဆို နာသင့်နာထိုက်စွာ သူ့ဘဝဟာ ခါးလွန်းလှတယ်။ ဒါပေမဲ့ သူက အမေချစ်သား။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ၊ သူ့အမေ အကျယ်ချုပ်ကနေ လွတ်ပြီဆိုတော့ အမေပစ်သား အမေ့ဆီ အပြေးအလွှား ရောက်လာခဲ့တယ်။
ဟိုး… ကလေးဘဝကတည်းက သူ့အမေ သူ့ကို စွန့်ခဲ့ပေမဲ့ သူ့အမေအပေါ် သူ အမြဲတမ်း ဂုဏ်ယူနေခဲ့တယ်။ သူ့အမေက အားကိုးရတဲ့သားတယောက် သူ ဖြစ်ချင်ခဲ့ပုံရတယ်။ သူ့အမေဘေးမှာ မားမားမတ်မတ်။ သူ့အမေ သူ့လက်ကို ဆွဲကိုင်ထားလိုက်ချိန်မှာ အားကိုးထိုက်တဲ့ သားပမာ ရဲရဲဝံ့ဝံ့။ ပြီးတော့ သူ့အမေအတွက် ချစ်ခြင်းများစွာနဲ့ အဖော် တိုက်ချီတိုလေးကို ထားခဲ့တယ်။
ကိုထိန်လင်းဟာ သူ့အမေ နိုင်ငံတော်အာဏာနဲ့ ခပ်ဝေးဝေးမှာ ရှိနေတဲ့အချိန် မြန်မာနိုင်ငံထဲ လာရောက်ခဲ့ပေမဲ့ သူ့အမေ နိုင်ငံတော်အဓိပတိအဖြစ် စတင်ခဲ့တဲ့အချိန်ကစလို့ မြန်မာနိုင်ငံထဲ အဝင်အထွက် ကင်းခဲ့တယ်။ သူ့စိတ်ထဲ သူ့အမေ အာဏာရှိနေချိန် အကျိုးစီးပွားတခုခုအတွက် လာတာလားလို့ မြူမှုန်တပွင့်ပင် အထင်ခံလိုဟန်မတူ။ သူ့ကြောင့် သူ့အမေအပေါ် တခုခု အပြောအဆိုခံရတာမျိုး အဖြစ်ခံလိုဟန်မတူ။
၂၀၁၆ ခုနှစ်၊ သူ့အမေရဲ့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံကို ရောက်လာတော့ ဟီသရိုးလေဆိပ်မှာ သူတို့သားအမိတင်မက မြေးနှစ်ယောက်နဲ့ပါ တွေ့ဆုံခန်းက မြန်မာပြည်သူတို့ရဲ့ နှလုံးအိမ်ကို လှုပ်ခတ်စေခဲ့တယ်။
အဲဒီခရီးစဉ်မှာပဲ ထင်ရဲ့။ သားဖြစ်သူက သူ့အမေဆီသွားတွေ့ဖို့ လိုင်းကားစီးပြီး လာခဲ့တာကို မြန်မာလူမျိုးတဦးက တွေ့ရှိ မှတ်တမ်းတင်ကာ လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အခါ သူ့အပေါ် မြန်မာပြည်သူတွေ ပိုခံစားခဲ့ရ။ သူက လက်သမားဆရာ။ သူ့အမေ ဘာကြီးဖြစ်ဖြစ် သူဟာ လက်သမားဆရာမို့ ရိုးရိုးပဲ လိုင်းကားစီးပြီးလာတာ ဘယ်ဆန်းပါ့မလဲ။
သူဟာ လက်သမားဆရာအဖြစ် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတယ်။ သူဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သိသိသာသာ အရွယ်နဲ့မလိုက်အောင် အိုမင်းသွားလိုက်တာ အင်မတန် ကျန်းမာရေးသတိကြီးတဲ့ သူ့အမေထက် ပိုအိုစာသွားသလို။ ဖွေးဖွေးလှုပ်နေတဲ့ ဆံရှည်ကြီးကို သျှောင်တွေ ဘာတွေတောင် ထုံးထားလိုက်သေး။
မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့အချိန်မှာ ဆံရှည်ကြီးနဲ့ ကိုထိန်လင်း ထွက်ပေါ်လာတယ်။ သူ့အမေက သားသတ်သမားတို့ ပစ်သွင်းထားတဲ့ ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ကြံ့ကြံ့ခံ။ နွေဦးတော်လှန်ရေးဟာ တတိုင်းပြည်လုံး အနီရောင်စွေးစွေး။
သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား၊ သူဟာ လက်သမားဆရာမို့ သူစိတ်ကူးရှိရာ သစ်ထွင်းပန်းချီကို ဖန်ဆင်းလို့။ သူ့သစ်ထွင်းပန်းချီ သူ့အမေကို လုယူခဲ့တဲ့ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးအတွက် နှမ်းတစေ့ဖြစ်ဖြစ် မရဲတရဲ ပါဝင်ခွင့်။ သူ့လက်ရာ ဒီနွေဦးအတွက် ရန်ပုံငွေ ဒေါ်လာ ၂,၀၀၀၊ ၃,၀၀၀ လောက် ရနိုင်မယ်ဆိုတဲ့ အတွေးနဲ့ တင်ဆက်၊ ဆန်ရေလို့ အမည်ပေးလိုက်ကြတယ်။ ကိုထိန်လင်း ဆိုတာ တကယ့်ကို ဆန်ရေ။ သူ့မိသားစုဘဝနဲ့ချီ ပုံအောလို့။
တကယ်တော့ သူဟာ နက်ရှိုင်းတဲ့ အနုပညာသမားတယောက် မဟုတ်လို့ သူ့ဆန်ရေ သစ်ထွင်းပန်းချီ ဆိုတာ အနုပညာမြောက်လက်ရာတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ မြန်မာပြည်သူတွေက သူ့အရသာကို ကောင်းကောင်းခံစားတတ်တယ်။ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထုံမွှမ်းထားတဲ့ သူ့သစ်ထွင်းပန်းချီ ချစ်ခြင်းကို ချစ်ခြင်းနဲ့ တုံ့ပြန်ရမယ်မှန်း ချစ်ခြင်းများစွာနဲ့ ပြည်သူတွေ ဖွဲ့နွဲ့ခဲ့ကြတယ်။ အဲဒါကြောင့်လည်း လက်တွေ့ရလဒ် သစ်ထွင်းပန်းချီ မဲလက်မှတ်ရောင်းအား အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော်။ အဲဒီ ၁ ဒသမ ၇ သန်းကျော်ထဲ မွဲနေပြာနေ အိမ်ထဲ ငုတ်တုတ်ထိုင်နေတာတောင် အချိန်မရွေး သေသွားနိုင်တဲ့ မြန်မာပြည်တွင်းက ပြည်သူတွေရဲ့ ထည့်ဝင်အားက တကယ့်ကို ဖြုံချင်စရာ ဒေါ်လာတသိန်းကျော်။
ကျနော်တို့ရဲ့ ဆန်ရေ၊ ကျနော်တို့ရဲ့ ကိုထိန်လင်းက ‘၁၉၉၁ ခုနှစ်မှာ ကျနော့်အမေ နိုဘယ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူရတဲ့ဆုငွေ ဒေါ်လာ ၁ ဒသမ ၃ သန်းနဲ့ မြန်မာပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ရန်ပုံငွေကို တည်ထောင်ခဲ့ပါတယ်။ အခု နှစ် ၃၀ ကြာပြီးတဲ့အခါမှာ တကမ္ဘာလုံးက မြန်မာပြည်သူတွေက တူညီတဲ့ ငွေပမာဏကို သူတို့ရဲ့ ကြိုးပမ်းမှု၊ ကြင်နာမှုတွေနဲ့ ရအောင်ရှာပေးနိုင်တာ ကျနော့်ရဲ့နှလုံးသားကို နွေးထွေးစေပါတယ်’ တဲ့။
အခုတော့ ၁ ဒသမ ၃ သန်းကို ကျော်လွန်။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးအတွက် ၁ ဒသမ ၇ သန်းကျော်။ မေတ္တာတရားတို့ ပေါင်းဆုံရာ ကျနော်တို့အားလုံးရဲ့ ဆန်ရေဟာ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် ခွန်အားတရပ်လည်းဖြစ်စေ။ နွေဦးတော်လှန်ရေးဆိုတာ ကျနော်တို့အားလုံးအတွက် ဆုံမှတ်လည်းဖြစ်စေခဲ့တယ် မဟုတ်လား။
ထွန်းလင်း