တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ အမိုးခီးနော်သူးကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတယောက် အပါအဝင် ၁၂ ယောက် သေဆုံးပြီး တပ်သားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီလောက်က ဗိုလ်ကော်လာ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) နဲ့ Nway Oo Guerrilla Force (နွေဦးပြောက်ကျား) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ ခလရ ၂၆၅ စစ်ကောင်စီစစ်ကြောင်းတို့ ၂ နာရီလောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲမှာ ၄၀ မမ ဗုံးပစ်လောင်ချာ အပါအဝင် ၄၀ မမ ဗုံးသီး ၁၁ လုံး၊ MA 3 ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ပစ္စတို ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်(လိပ်ခုံး) မိုင်း ၁ လုံးနဲ့ ဆက်သွယ်ရေးစက် ၁ လုံး အပါအဝင် စက်အသုံးအဆောင်ပစ္စည်း တချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KTLA နဲ့ LPDF ပူးပေါင်းအဖွဲ့ရဲဘော်တွေ ထိခိုက်ဒဏ်ရာ တစုံတရာမရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။