စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၆ ရက်က ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဖမ်းဆီးခံရသူ ဦးသာထွန်းလင်းကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးပါဘူး။
ဦးသာထွန်းလင်းဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့ မမှန်သတင်းတွေ ဖြန့်ဝေနေကြောင်း သိရှိရတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကလေးမြို့ ဒေသခံတယောက်က “သူတို့တွေက ဖေ့စ်ဘွတ်ခ်မှာလည်း စောင့်ကြည့်နေကြတာ။ ဒါကြောင့် တော်လှန်ရေးနဲ့ ပတ်သက်ရင် ဖေ့စ်ဘွတ်ခ်မှာ မတင်တာ အကောင်းဆုံးပဲ၊ အဖမ်းခံရရင် မလွယ်ဘူး” လို့ ပြောပါတယ်။
လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀ ဝန်းကျင် ရှိပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စာရင်းအရ သိရပါတယ်။