မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်မှာ စက်တင်ဘာ ၈ ရက် မနက် ၈ နာရီလောက်က ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ လူငယ် ၂ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပြီး သူ့နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းဟာ ပစ်ခတ်ခံရတာကြောင့် သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး သူ့အိမ်ရှေ့ရှိ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်စဉ် သေဆုံးသွားတာပါ။
ဒေသခံတယောက်က “သူက အရင်က တော်တော်ကြမ်းခဲ့တာ။ အခုကတော့ အဖွဲ့အစည်းအားလုံးက နုတ်ထွက်ထားတယ်လို့ သိရပါတယ်။ ဒါကိုသိတာလည်း ပါမှာပေါ့။ ပြီးတော့ ဒီလူကို မကျေနပ်တဲ့သူက ခပ်များများပဲ” လို့ ပြောပါတယ်။
အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းဟာ စစ်ကောင်စီရဲ့ ဘီးလင်းမြို့နယ် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတွေကို မတရားဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်တာ၊ မတရားတဲ့ ပုဒ်မအမျိုးမျိုးတပ်ဖို့ လမ်းညွှန်ခဲ့သူ ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပစ်သတ်ခံရတဲ့ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းရဲ့ မိသားစု၊ ဆွေမျိုးအသိုက်အဝန်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေဘက်က တုံ့ပြန်ပြောဆိုချက်တော့ မရရှိသေးပါဘူး။
အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူမစီးရ၊ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်အနောက်က အမျိုးသား မလိုက်ရလို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။