စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီလောက်က ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို မြေပြင်ကနေလည်း ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၄၀ ခန့်နဲ့ ကမ်းဖြူ (ရွာမ) ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်သားနှစ်ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူက “ဝေဟင်ကနေ ဗုံးသီးတလုံး ပစ်ချတယ်။ မြေပြင်ကနေလည်း ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီမှာ စကစတပ်သား ၂ ယောက် သေတယ်။ ၁၀ ယောက် ဒဏ်ရာရတယ်။ ကမ်းဖြူရွာမှာ စစ်ကောင်စီတပ်ဖွဲ့က အမြဲတပ်စွဲထားတာတော့ မဟုတ်ဘူး၊ ခေါက်တုန့်ခေါက်ပြန် ဝင်ထွက်သွားလာတာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ Zero Power တော်လှန်ရေးအင်အားစု (စစ်ကိုင်း) နဲ့ Danger Force Eagle Local PDF တို့ ပူးပေါင်းကာ “တောကျီးကန်းစစ်ဆင်ရေး” ကို ဂုဏ်ပြုတိုက်ခိုက်ခဲ့တာဖြစ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက် မနက်ကလည်း ကမ်းဖြူ (အရှေ့ရွာ) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ယောက်သေဆုံးပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။