အကြမ်းဖက်စစ်တပ်ဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးထိပ်မှာ ရဲရဲဝံ့ချီတက်ခဲ့တဲ့ ကဗျာဆရာကေဇ ဝင်းကိုပစ်သတ်ခဲ့တယ်။ ကဗျာဆရာခက်သီဆိုရင်လည်း ၂၄ နာရီမပြည့်ခင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးစခန်းထဲ ရိုက်သတ်ခံခဲ့ရပြန်တယ်။ ပြီးတော့ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ ကဗျာဆရာ အေစိုင်းကေဟာ ကရင်ပြည်နယ်အစွန်အဖျား ငြိမ်းချမ်းရေးမြို့သစ်လို့ဆိုတဲ့ လေးကေ့ကော်မြို့ ပရဝဏ်ထဲက ထီးမယ်ဝါးခီးရွာမှာ အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်သင့် ကျဆုံးခဲ့။ ဒါ့အပြင်ကျဆုံးခဲ့တဲ့ သတင်းသမားတွေ၊ ထောင်ထဲရောက်နေတဲ့ သတင်းသမားတွေ စာသမားတွေလည်း မနည်းလှ။ လောလောလတ်လတ်ဘာမှမကြာ သေးချိန် အင်းစိန်ထောင်တွင်း သတ်ဖြတ်အလောင်းဖျောက်ခံရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဆိုတာလည်း အနုပညာရှင်တွေ။ စာပေအနုပညာရပ်ဝန်းဆိုတာ အာဏာသိမ်းပြီးဘာမှမကြာ စောစောစီးစီးပွဲပြီးတဲ့အထဲ ထိပ်ဆုံးကပါခဲ့တယ်။ သတင်းစာတွေ အပိတ်ခံခဲ့ရ၊ ဂျာနယ်တွေ ရပ်နားခဲ့ရ။ စာအုပ်ထုတ်ဝေရေးဈေးကွက် ရပ်လုနီးဖြစ်ရ။ ရုပ်ရှင် အသိုင်းအဝိုင်းဆိုရင်လည်း ဖရိုဖရဲ။ ကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်လို့ ထင်နေတဲ့ စစ်အုပ်စုကလွဲ ဘယ်သူမှ မလွတ် အကုန်ဝရုန်းသုန်းကား။
အကြမ်းဖက်စစ်တပ်ရဲ့ အစွမ်းကုန်ပစ်သတ်တာကိုခံနေရတာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP)ရဲ့ ဩဂုတ် ၃၀ ရက်အထိစာရင်းအရ ကျဆုံးပြည်သူ ၂၂၅၇ ဦး။ အခုအကြမ်းဖက် စစ်တပ်က ရွာတကာလှည့်မီးရှို့နေတာ Data for Myanmar ရဲ့ စာရင်းအရ ပြည်သူ့နေအိမ် ၂၈၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရ။ အဲဒီငရဲတဆုံး အမိုက်ဇာတ်ကို ဘယ်ပြည်သူကမှ ခွင့်မလွှတ် နိုင်ကြပေမဲ့ သူတို့ကိုယ်သူတို့ စာရေးဆရာ၊ သတင်းစာဆရာလို့ နာမည်တပ်ထားကြသူတွေကတော့ သွေးစွန်းနေတဲ့မင်းအောင်လှိုင်လက် မပြောင်မှန်းသိလျက် ပြေးလျက်နေကြလေရဲ့။
၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းက အကြမ်းဖက်စစ်ကောင်စီက အမျိုးသားစာပေဆုပေးပွဲလုပ်တော့ ပျော်ပျော်ပါးပါး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆုတက်ယူရတဲ့လူတွေ မြင်ရပြီး အတော်အံ့အားသင့်ရတယ်။ ပြောကြတော့ စာတွေပေတွေ၊ အမှန်တရားကို သူများထက်ပို နားပါးပါးနဲ့သိကြတယ်ဆိုတဲ့လူတွေ။ တချို့က ပေးလို့ယူတာ၊ ကိုယ်က သွားတောင်းနေတာမဟုတ်ဘူးတဲ့။ တချို့ကျပြန်တော့ ရေးထားတဲ့စာ အာဏာရှင်ကို ဖားထားတာမပါဘူးတဲ့။ အကြောင်းပြချက်ကိုယ်စီနဲ့ အသဲအသန် လိုက်ရှင်းပြနေရတာမောလို့။
ပိုပြီးအံ့အားသင့်ရတဲ့တချို့ကတော့ အမျိုးသားစာပေဆုရတဲ့သူတို့ရဲ့ မိတ်ဆွေတွေကို ဂုဏ်ယူလေးစား မိပါကြောင်း အနေမတတ်အထိုင်မတတ် ဖေ့စ်ဘွတ်ခ်ပေါ်တင်ကြတဲ့အထိ မင်းအောင်လှိုင်ပေးတဲ့ စာပေဆုအပေါ် သွားရည်တမြားမြား။ ဒီဆုကို မယူလိုက်ရင် ကိုယ့်စာပေဂုဏ်သိက္ခာ ထိုးတက်သွားမယ်ဆိုတာ သူတို့ကောင်းကောင်းသိကြတယ်။ အဲဒီကာလတုန်းက ဒီဆုကို ပြေပြေလည်လည်လေး ငြင်းလိုက်ရင် ပြဿနာမတက်နိုင်မှန်းလည်း သိကြတယ်။ အတည်ပြုလို့မရ သေးတဲ့သတင်းက နိုင်ငံရေးတွေဘာတွေလုံးဝမပါတဲ့စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စာတွေကို ရွေးချယ်ပေးခဲ့ ကြတာဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့က ဆုစာရင်းမကြေညာခင်ကတည်းက သူတို့ဆု လျာထားတဲ့သူတွေကို ပေးရင်ယူမှာလားလို့မေးကာ ယူမယ်ဆိုမှ ကြေညာကြောင်း သတင်းထွက် ပေါ် ခဲ့ပါတယ်။ အဲဒီသတင်းသာမှန်ခဲ့ရင် ကြိုညှိစဉ်က ကြိုငြင်းခဲ့ရင် ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမဲ့၊ သွေးစွန်းနေတဲ့လက်နဲ့ပေးတဲ့ဆုကို ယူခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး ပြည်သူကိုနေစဉ်သတ်နေတဲ့အာဏာရှင်နဲ့ ပူးပေါင်းလိုက်ခြင်း ဖြစ်ပါတယ်။
အခုလည်း ဩဂုတ်၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ စာပေဗိမာန် ၇၅ နှစ်ပြည့်အခမ်းအနားကို ကိုယ့်အကြောင်းကိုယ် စာတစ်မျက်နှာလောက်တောင် ဌာန်ကရိုဏ်းကျကျ မရေးတတ်တဲ့ ရာဇဝတ်သားမင်းအောင်လှိုင်က ဗီဒီယိုနဲ့ လှမ်းမှာတမ်းချွေပါတယ်။
ထုံးစံအတိုင်း တစ်ယောက်ယောက်ရေးပေးတဲ့စာကို ရွတ်ပြလိုက်တာပါပဲ။ ပြီးတော့ နွားသိုးတစ် ကောင်လို နည်းနည်းလေးတော့ ခတ်လိုက်ရမှ ဆိုတာမျိုး။ ၂၀၁၁ ခုနှစ်နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းထုတ်ဝေခဲ့တဲ့ စာအုပ်တချို့နဲ့ စာပေဟောပြောပွဲတွေဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
သူတို့ စစ်တပ်ရဲ့ လွှတ်တော်ထဲ လူပါးလာဝခဲ့တဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အချောင်နှိုက်ထားတဲ့ နိုင်ငံရေးအာဏာတွေကို ဝေဖန်ခဲ့တဲ့အပေါ် ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်လို့ ပြောလိုက်မှန်း စာပေဆရာကြီးဆိုသူတွေ ကောင်းကောင်းသိကြပေမဲ့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ဂုဏ်ပြုကြပါတယ်။
ပြီးတော့ အကြမ်းဖက်စစ်တပ်က စာပေလောကဖွံ့ဖြိုးရေးအတွက်ဆိုပြီး ကျပ်သိန်း ၂၀၀၀ ကျော်နဲ့ အကြမ်းဖက်စစ်ကောင်စီခန့် ရန်ကုန်တိုင်းအဆင့်က ၇၅ သိန်း။ အခုနောက်ဆုံးကြားရတဲ့သတင်းက အဲဒီအလှူ ငွေသိန်း ၂၀၀၀ ကျော်ရော ၇၅ သိန်းမှာ လက်ဝယ်ရောက်မလာသေး။ စစ်တပ်ရဲ့ထုံးစံအတိုင်း တီဗီထဲမှာလှူပြီး တကယ်မလှူဘူးဆိုတာမျိုးထင်ရ။ ထားတော့။
ပြောချင်တာက အဲဒီနေ့ပွဲမှာ ထောင်လွှားနေကြတဲ့ မြင်းမူမောင်နိုင်မိုးတို့ မောင်ငြိမ်းသူ-ကြို့ပင်ကောက်တို့ နောင်တို့ မစန္ဒာတို့ဆိုတာက အဆက်ဆက်ကတည်းက ဒေါင်ဒေါင်မြည် စစ်တပ်လက်ဝေခံတွေ။ မြင်းမူမောင်နိုင်မိုးဆိုရင် ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အမျိုးသားစာပေဆု(ကဗျာ)ကို ၅ ကြိမ်တိုင်အောင် လက်ဝါးကြီးအုပ်ခဲ့ရုံတင်မက ဒုတိယအာဏာရှင်လက်ထက်မှာ ကဗျာယောင်ယောင်စာယောင် ယောင်နဲ့ ကိုယ်ကျိုးစီးပွားရှာနိုင်ခဲ့သူပါ။
ဒုတိယအာဏာရှင်လက်ထက် စစ်တပ်နဲ့လုံးနိုင်တဲ့ စာပေအမည်ခံများစွာဟာ အနည်းဆုံးမြေကွက် တစ်ကွက်လောက်တော့ ရရှိခဲ့ကြတာချည်းမို့ ဘာပဲဖြစ်ဖြစ် လုံးရကျိုးနပ် အကျိုးအမြတ်ထွက်ခဲ့ သူချည်း။ အခု စာပေဗိမာန် ၇၅ နှစ်ပြည့်အခမ်းအနားမှာတွေ့ရတဲ့ စစ်တပ်လက်ဝေခံမဟုတ်ခဲ့တဲ့ စာရေးဆရာဆိုသူတွေကရော ဘာ့အတွက်ကြောင့် ရောက်လာကြတာလဲ။ ဒီနေ့အကြမ်းဖက်စစ်ကောင်စီဟာ မြေကွက်တွေပေးဖို့မပြောနဲ့၊ သူတို့ကိုယ်တိုင်ကိုက ပြည်သူတွေဆီကနေ ဓားပြပြန်တိုက်နေရတဲ့ဘဝပါ။
ဒီပွဲမှာ အကြမ်းဖက်စစ်ကောင်စီအနိုင်ရလိမ့်မယ်ဆိုပြီး နိုင်ငံရေးဉာဏ်နည်းကြလို့လား။ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းဟာ တစ်သက်တာထူထောင်ခဲ့တဲ့စာပေဘဝ လုံးဝပြီးဆုံးသွားရုံတင်မက သေသွားတဲ့ထိတိုင် သမိုင်းဆိုးအတင်ခံရမယ်ဆိုတာ မသိလို့များလား။ နေ့စဉ်သွေးစွန်းနေတဲ့ မင်းအောင်လှိုင်ရဲ့လက်ကိုပဲ အနုပညာမြောက် ကရုဏာရှင်ရဲ့လက်အဖြစ် ယုံမှတ် ကိုးကွယ်ချင်ကြတာများလား။
မသိတာပဲဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ် ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် အကြမ်း ဖက်စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းဟာ အကြမ်းဖက်စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်အောင် ဘာစာတစ်ကြောင်းမှ မရေးခဲ့ရင်တောင် သမိုင်းဒဏ်သင့် အပြစ်ကြီးတာက သေချာပါတယ်။
သူတို့ထက်ပိုအပြစ်ကြီးသူတွေကတော့ အကြမ်းဖက်စစ်ကောင်စီယန္တယားလည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးနေကြတဲ့ သတင်းပေ့ချ်တွေနဲ့ သတင်းစာတချို့ပါပဲ။ ကျနော်ဆိုလိုတာက အာဏာသိမ်းပြီး နောက်ပိုင်း ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဟာတွေနဲ့ ဘူးလက်တို့လို မိုးဟိန်းတို့လို အာဏာရှင်ဘက် ပြတ်ပြတ်ရပ်တယ်ဆိုတဲ့ အတိုအစသတင်းဌာနတွေကို မဟုတ်ပါဘူး။ အာဏာမသိမ်းခင် အရင့်အရင်ကတည်းက မီဒီယာလောကမှာ ရှိခဲ့ကြပြီး အခုအခါမှာတော့ အကြမ်းဖက်စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တနိုင်ဝင်ထမ်းပေးနေကြတဲ့ ပြည်တွင်းက မီဒီယာတချို့ကို ဆိုလိုတာပါ။
အဲဒီလိုမီဒီယာတွေဟာအရင်ကတည်းကရှိခဲ့တာမို့ သူ့ပရိသတ်နဲ့သူ ရှိနှင့်ပြီဖြစ်သလို မီဒီယာပါးလည်းဝနေပြီမို့ အကြမ်းဖက်စစ်ကောင်စီကို ဝါဒဖြန့်ပေးနေမှန်းမသိအောင် ပါးပါးနပ်နပ်နဲ့ ဝါဒဖြန့်ပေးနေကြတာပါ။
အကြမ်းဖက်စစ်ကောင်စီကလည်း သူတို့ရဲ့ဝါဒဖြန့်ချိရေးအတွက် အဲဒီပုဂ္ဂလိကမီဒီယာတွေကို အင်မတန်မှအား ကိုးကြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြေးမုံလိုမြန်မာ့အလင်းလို ဘူးလက်တို့ မိုးဟိန်းတို့လို အတိုအစသတင်းပေ့ချ်တွေကို ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေ့ချ်တွေအဖြစ် သတ်မှတ်ကာ အဖက်လုပ်စောင့်ဖတ်တာမျိုးမရှိတာကြောင့်ပါပဲ။
အားလုံးမှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ၂၀၂၂ ခုနှစ်သင်္ကြန်မှာ တိတ်ဆိတ်ခြင်းကိုကိုယ်စားပြုတဲ့ တော်လှန်သင်္ကြန်နဲ့ အာဏာရှင်သင်္ကြန်တို့ အားပြိုင်ကြရာမှာ လက်ညှိုးတစ်ကော်စာလူလောက်ရှိတဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကို လူသိပ်စည်နေပါတယ်ဆိုတဲ့ ပုံစံမျိုး၊ တခြားမြို့တချို့က လူနည်းနည်းစည်တာကို များများစည်လေဟန်နဲ့ အာဏာရှင်သင်္ကြန်ကို အာဏာရှင် အလိုကျ တင်ဆက်ခဲ့တာ အဲဒီ မီဒီယာတွေ ထိပ်ဆုံးက ပါခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ပုဂ္ဂလိကမီဒီယာတွေအဖြစ်နဲ့ အကြမ်းဖက်စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တနိုင်ဝင်ထမ်းပေးနေတဲ့ အဲဒီ မီဒီယာအများစုဟာ အွန်လိုင်းပေ့ချ်တွေ ဖြစ်ကြပါတယ်။
ဒီကာလမှာ ပြည်တွင်းမှာထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာတွေရော၊ အွန်လိုင်းပေချ့်တွေပါ ဘာဝင်ငွေမှမရှိတာ အားလုံးမျက်မြင်ပါပဲ။ ဆိုတော့ အဲဒီမီဒီယာတွေဟာ ဘယ်ကရတဲ့ဝင်ငွေ တွေနဲ့ရပ်တည်နေပါသလဲ။ အခုမီဒီယာလောကသားတွေကြား အပြောအဆိုများနေပြီး အတည်ပြုလို့မရသေးတဲ့ သတင်းတစ်ပုဒ်က စစ်ကောင်စီကို ဝါဒဖြန့်ပေးနေတဲ့မီဒီယာတွေဟာ အကြမ်းဖက်စစ်ကောင်စီ၊ ပြန်ကြားရေးဌာနက ပေးတဲ့လစဉ်အထောက်အပံ့နဲ့ ရပ်တည်နေတယ်ဆိုတာပါပဲ။
ဘယ်လိုပဲဖြစ်ပါစေ၊ အကြမ်းဖက်စစ်ကောင်စီကိုဝါဒဖြန့်ပေးနေတာဟာ အင်မတန်မှ အပြစ်ကြီးလှပါ တယ်။ နွေဦးတော်လှန်ရေးဆိုတာ အင်မတန်ထက်လွန်းလှတဲ့ ဓားသွားနဲ့ ရန်-ငါစည်း ဖြတ်ခဲ့ကြတာပါ။ အကြမ်းဖက်စစ်ကောင်စီသာ အာဏာဆက်မြဲခဲ့မယ်ဆိုရင် အဲဒီမီဒီယာတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့အဓိက လက်ကိုင်တုတ်မီဒီယာတွေအဖြစ် ကောင်းကောင်းကြီး ပွားသွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးသာ အောင်ပွဲခံခဲ့မယ်ဆိုရင် အဲဒီမီဒီယာအဖွဲ့သားအားလုံးဟာ အကြမ်းဖက်အားပေးမီဒီယာ၊ ပြည်သူ့သစ္စာဖောက်မီဒီယာတွေ အဖြစ် ဥပဒေနဲ့အညီ အရေးယူခံရမှာအသေအချာမို့ ထောင်ထဲကို ဘယ်လိုမျက်နှာပေးနဲ့ ဝင်ကြမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
ဘယ်သွေးက ဘယ်လောက်ရဲသလဲ၊ ပြည်သူတွေဘယ်လို အောင်ပွဲခံမလဲ။ သိပ်မကြာခင်မှာ သဲကွဲတဲ့အနာဂတ်လမ်းကို မြင်တွေ့ရမှာလည်း အသေအချာပါပဲ။
ထွန်းလင်း (သူ့အတွေး သူ့အမြင် – Op-Ed)