ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့၊ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ဟာ ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုင်သေဆုံးတာများနိုင်သလို စစ်ကား ၁ စီး မြောင်းထဲထိုးကျပျက်စီးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်က ငွေတောင်ရွာသစ်ကျေးရွာနားမှာ စစ်ကောင်စီ ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၄ ရက်နေ့မနက်ပိုင်းမှာလည်း ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့လို့ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ စစ်ကောင်စီတပ်က ကား ၁ စီး မြောင်းထဲထိုးကျပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ ငွေတောင်ရွာသစ်ကျေးရွာက ပြည်သူတွေရဲ့နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို RPG ၂ လုံးနဲ့ အနီးကပ် စတင် ပစ်ခတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ ၃ ၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တယောက် ထိခိုက်ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတလျှောက်နဲ့ သူတို့တပ်စွဲထားတဲ့ ကျေးရွာတွေထဲမှာ နင်းမိုင်းအများအပြားထောင်ထားခဲ့သလို ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ည ၉ နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြဖို့လည်း အသိပေးထားပါတယ်။