( ၁ )
လမ်းထိပ် လက်ဖက်ရည်ဆိုင်လေးမှာ နံနက်ခင်းဆို လူအတော်စုံလှသည်။
နှစ်လုံးထီဒိုင်ကတော့ မျက်နှာအပွင့်ဆုံး ဖြစ်၏။ ဟိုလူကလည်း မောင်ကြင်စိုး၊ ဒီလူကလည်း မောင်ကြင်စိုးနှင့် မောင်ကြင်စိုးတို့ လက်မလည်လောက်အောင်ကို တစ်ပတ်ငါးရက် မျက်နှာပွင့်လွန်းလှသည်။
“ဟဲ့ ကြင်စိုး”
“ဟာ ဗျာ ခင်ဗျားတို့ကလည်း မောင်ကြင်ဆို ရပြီဗျာ။ ကြင်စိုး ကြင်စိုးနဲ့”
မောင်ကြင်တို့က ကြင်စိုးလို့ ခေါ်ရင် လုံးဝမကြိုက်။
တဖြည်းဖြည်း ကျပ်တည်းလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်လမ်း ရှားပါးပြီး ဝင်ငွေရလမ်း နည်းလာသည့် လူတို့သည် ငွေရပေါက် အလွယ်ဆုံးလမ်းဖြစ်သည့် နှစ်လုံးထီဘက်သို့ လှည့်ကြပြန်သည်။ ၅၀ ဖိုး၊ ၁၀၀ဖိုးမှ အစပြု၍ ထောင်၊ သောင်း၊ သိန်းဂဏန်းဖိုးမျှ ထိုးကြလေသည်။ ဆင်းရဲနွမ်းပါး လူတန်းစားအလွှာကမူ သောင်းဂဏန်းနား မကပ်နိုင်ပေ။
နှစ်လုံးထီတွင် နေ့လယ် ဂဏန်းနှင့် ညနေဂဏန်းဟူ၍ နှစ်ချိန်ခွဲပြီး ထွက်သည်။ ထိုအချိန်ပေါ် မူတည်၍ နှစ်လုံးကစားကြခြင်း ဖြစ်လေသည်။ အချို့က တွက်၍ ထိုးသည်။ အချို့က စိတ်ထဲ ထင်သည့် နံပါတ်ကို ထိုးသည်။ အချို့က ဇွဲကောင်းကောင်းဖြင့် နံပါတ်တစ်လုံးချင်းဆီကို ထိုနံပါတ် မထွက်မချင်း ပတ်၍ထိုးကြသည်။ (စင်ကာပူထီ၊ ထိုင်းထီ၊ ဒူဘိုင်းဘိုင်းထီကိုလည်း လက်မလွတ်ကြပေ။)
ထိုးသားများ စည်ကားနေလျှင် မောင်ကြင်စိုးတို့က ပျော်လေသည်။ သူ့ဝင်ငွေကလည်း မနည်းလှ။ သူက ချဲလောက နှစ်လုံးလောကအဆိုအရ ဂုတ်စည်း ဖြစ်လေသည်။ သူကတစ်ဆင့်ခံပြီး ဒိုင်ချုပ်ထံသို့ တင်ရသည်။ ပြီးမှ ကော်မရှင်ပြန်စားရသောသူ ဖြစ်လေသည်။
တစ်လ တစ်လ စာရင်းချုပ်လျှင် ကြင်စိုး၏ ဝင်ငွေမှာ သိန်း ၂၀ မျှ ရှိလေသည်။
ကြင်စိုးသည် ညနေရောက်လျှင် အရက်လေးတမြမြ သောက်လိုက်၊ KTV မာဆတ်ကို ဒိုးလိုက်။ ခေတ်ကျပ်ထဲပေမင့် ကြင်စိုးကတော့ ဒေါက်တည့်နေလေသည်။
( ၂ )
“ခင်ဗျား တွေးကြည့်လေဗျာ။ ၈၈ တုန်းက ဆန်တစ်ပြည် တစ်ကျပ်ခွဲ၊ စိန်လွင်ခေါင်းကိုခွဲ လို့ အော်ခဲ့ကြတာ။ ခုတော့ ဆန်တစ်ပြည် အကြမ်းစားတောင်မှ ၃၀၀၀ နားကပ်နေပြီဗျ”
“ဟာ ဘဲဥစျေး မေးကြည့်တယ်။ တော်ရေ... တစ်လုံးကို ၂၅၀ တဲ့။ ရောင်းတဲ့သူက ပြောသေးတယ်။ ဒီနေ့ဈေးနဲ့ မနက်ဖြန် ဈေးမတူဘူး တဲ့”
“ဆီဈေးလည်း ခေါင်ခိုက်နေပါပြီ ဒေါ်တရုတ်မရယ်။ လားလားမှ မကြားဘူးတဲ့ဈေး။ စားအုန်းဆီ တစ်ပိဿာ တစ်သောင်းကျော်တော့မယ်ဗျ”
မနက်ခင်း ဈေးနှင့်နီးသည့် လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ ကြားရသောအသံများ ဖြစ်သည်။
ထိုင်နေကျ လက်ဖက်ရည်ဆိုင်လည်း ဈေးတက်သွားလေသည်။ ထိုမနက် လက်ဖက်ရည်ဆိုင်က ဝှိုက်ဘုတ် အသေးလေးပေါ်တွင် ဆိုင်ပိုင်ရှင်က ရေးထားသည်ကို ကြည့်ပြီး လက်ဖက်ရည် သောက်သူများကြား တီးတိုးစကားသံများ ကြားနေရသည်။
“လက်ဖက်ရည်တစ်ခွက် ၆၀၀ ကျပ် ဖြစ်သည်။ ကျုပ်အများကြီး ဈေးမတက်ပါ။ တစ်ရာကျပ်သာ တိုး၍တောင်းခံထားပါသည်။ ဈေးကြီးလို့ မသောက်လိုကလည်း ရပါသည်။ လမ်းထိပ်က ဆိုင်ကြီးတွင် သွားသောက်ပါက လက်ဖက်ရည်တစ်ခွက် သင်တို့ တစ်ထောင်ကျပ်တိတိ ပေးရမည် ဖြစ်ပေသည်"။
ပုံ/
လက်ဖက်ရည်ဆိုင်ပိုင်ရှင်
အော်ကြီး
လမ်းထဲက စားသုံးသူများက သူ့ကိုပဲ ကျေးဇူးတင်ရတော့မလိုလို အပေါက်မျိုး သူ့စာအရေးအသားက ကယ်တင်ရှင်ဆန်လွန်းလှသည်။ မသောက်လို့ကလည်းမဖြစ် လမ်းထိပ်ထွက် သောက်ပြန်တော့လည်း တစ်ခွက် တစ်ထောင်၊ လေးရာကြီးများတောင် ကွာသည်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် အော်ကြီး အငေါက်အငမ်းကို ခံပြီး ခြောက်ရာတန် လက်ဖက်ရည်ကိုသာ အာသာပြေ သောက်ကြရလေသည်။
အော်ကြီးဆိုင်က အီကြာကွေး ဆိုသည်မှာ ဘုရားစူး အီကြာကွေးဟုဆိုရပေမည်။ ဒရမ်တီးလို့ပင် ရလောက်မည်ဟု ထင်ရလေသည်။ သို့သော် အီကြာကွေးတစ်ချောင်းစျေးက ခေတ်နဲ့အညီ ၄၀၀ ကျပ် ဖြစ်လေသည်။
( ၃ )
လက်ဖက်ရည်ဆိုင် ဆိုသည်မှာ သတင်းစုံကြားနိုင်သောအရပ် ဖြစ်လေသည်။
ထိုင်နေကျ အော်ကြီး လက်ဖက်ရည်ဆိုင်တွင် သည်မနက် ခါတိုင်းနေ့ကထက် ပို၍ စည်ကားလွန်းနေသည်ကို သတိပြုမိသည်။
အော်ကြီးဆိုင်သို့ ခပ်သွက်သွက် လျှောက်လာမိခဲ့သည်။ ဆိုင်အတွင်းသို့ အရောက် ခုံယူပြီး ထိုင်မည်အလုပ်တွင် အော်ကြီးက “ဟေ့ လူ ဖျော်လိုက်ရတော့မလား” ဟု အသံပြုလေသည်။
“ဖျော်လိုက်တော့ဗျာ...သောက်မယ်”
အော်ကြီး လာချသော လက်ဖက်ရည်သည် ရှယ်ဟု ဆိုသော်လည်း နို့ဆီမှာ ဖင်ကပ်လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ လက်ဖက်ရည်ကို ဇွန်းဖြင့်မွှေရင်း မေးကြည့်မိသည်။
“ကိုအော်ကြီး ဘာထူးလို့လဲဗျ၊ စျေးသည်တွေ ရုန်းစု ရုန်းစုနဲ့”
“ဟာ ခင်ဗျားကလည်း၊ စျေးထဲက ငါးတွေ၊ ကြက်သား ဝက်သား အမဲသားတွေ ညကအခိုးခံရလို့ဗျ”
“ဟ နေစမ်းပါဦး၊ စျေးသည်တွေအားလုံးဆီက ခိုးသွားတာလား”
“ဟုတ်ပဗျာ၊ စုစုပေါင်း သိန်းသုံးဆယ်ဖိုးလောက်တော့ ရှိမယ်ထင်တယ်”
“ဒါနဲ့မနေ့က ဟိုဘက် ဆယ်လမ်းထဲလည်း ဆိုင်ကယ်ခိုးခံရဆို ဗျ”
အော်ကြီးက- “ဟုတ်တယ်လေဗျာ နှစ်စီးတောင် ပါသွားတာဆိုပဲ။”
ရပ်ကွက်တွေထဲ သူခိုးများ သောင်းကျန်းနေလေသည်။ ဘယ်သူကမှလည်း တာဝန်ယူ ဖြေရှင်းမပေးနိုင်ကြတော့။
ညမထွက်ရ အမိန့် ထုတ်ထားသည်က တစ်ကြောင်း၊ အလုပ်အကိုင် အခွင့်လမ်း နည်းပါးလာသည်က တစ်ကြောင်း။ သို့အတွက်ကြောင့် အခြေအနေသည် ပို၍အဆိုးဘက်ကို ဦးတည်လို့လာနေသည်။
ပြည်သူတို့၏ဘဝသည် အနေကျပ် အသေကျပ်ဘဝသို့ ဆိုက်ရောက်နေလေသည်။ ရပ်ကွက်အတွင်း ဘုန်းကြီးတု၊ သီလရှင်တုတွေလည်း အလွန်ပေါလာသည်ကိုလည်း သတိပြုမိလေသည်။ သင်္ကန်းဝတ်ကာ တောင်းစားနေကြသည်လားဟု ထင်ရလောက်အောင် လက်ဖက်ရည်ဝိုင်းတွေနား ရပ်ကာ အလှုခံနေကြသည်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော စကားပုံသည် ယခုခေတ်ကာလနှင့် ကွက်တိ မဟုတ်ပါလား။
( ၄ )
ရပ်ကွက်ထဲ ဘစက် ဆိုသူလည်းရှိလေသည်။ သူ၏အလုပ်သည် စင်တင်တေးဂီတ စားသောက်ဆိုင်တွင် စက်ကိုင်ဖြစ်လေသည်။ သူ ညနေ အလုပ်သို့ မသွားမီ ကိုအော်ကြီး လက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည်သောက်လာမြဲ ဖြစ်သည်။
“ဘစက်”
“ညက ဆိုင်အခြေအနေ ဘယ်လိုလဲဗျ”
အော်ကြီး၏ အမေးကို-
“ဟာ ရောင်းကောင်းချက်ဗျာ ပြောမနေနဲ့။ ပန်းကုံးတွေကလည်း ရချက် အံ့ပဗျာ။ ဒီလိုကာလထဲ ဘယ်လိုလူတွေက သုံးနိုင်ဖြုန်းနိုင်နေမှန်းမသိဘူး”
အော်ကြီးတို့က ဒါမျိုးအဖြေဆိုလျှင် အကြိုက်တွယ်ပြီသား...
“ဘယ်သူ တောင်းစားတွေ ရှိမှာလဲဗျာ။ ဟို စကစရဲ့ လက်ပါးစေ လုပ်ငန်းရှင်တွေ မြေပွဲစား၊ အိမ်ပွဲစားတွေပဲနေမှာပေါ့။ ဒီကောင်တွေပဲ အလကားနေ ပိုက်ဆံရနေတာ မဟုတ်လား”
ဘစက် အပြောအရ စစ်တပ်က အရာရှိများလည်း ဆိုင်ထိုင် ပိုက်ဆံဖြုန်းနိုင်ကြသည်ဟု ဆိုလေသည်။ ဆိုင်အတွင်း အချောဆုံး အလှဆုံး မိန်းခလေးတွေကိုမှ ပန်းကုံးတင်၍ ညစဥ် လာပြီး ပျော်ပါးကြသည်ဟု ဆိုသည်။
“ကျနော်တို့ဆိုင်ဆို စစ်တပ်ကို တစ်လ သိန်းသုံးဆယ်လောက်ပေးရတယ် ကိုအော်ကြီး ရ”
စကစသည် တိုင်းပြည်ကို အပျက်ဘက်သို့ ကျုံးသွင်းလျှက်ရှိသည်။ စစ်အာဏာ သိမ်းပြီး ကာလတိုအတွင်း စင်တင်တေးဂီတ ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အရက်ဆိုင်များ၊ ဘားများကို မြို့နယ်တိုင်းနီးပါးလိုလိုတွင် အလုအယက် ဖွင့်လာကြသည်။
ထိုဆိုင်များက သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲနှင့် စစ်သားများကို လစဥ် ဆက်ကြေးပေးဆောင်ရလေသည်။
မူးယစ်ဆေးဝါးများလည်း နေရာစုံတွင် လွယ်ကူချောမွေ့စွာရနိုင်လေသည်။ စိတ်ကြွဆေးပြားများ ဆိုလျှင် အလွန်စျေးပေါစွာ ရနိုင်သည့်အတွက် လူငယ်အချို့ စိတ်ကြိုက် သုံးဆောင်နိုင်အောင် သက်ဆိုင်ရာက တမင်တကာ ခွင့်ပြုထားသလိုပင် ဖြစ်နေတော့သည်။
( ၅ )
တစ်ရက်ပြီးတစ်ရက် ကျပ်ကျပ်တည်းတည်း ဖြတ်သန်းလာရသော ခေတ်ကြီးကို တွေးပြီး ရင်လေးမိသည်။
လက်ဖက်ရည်ဆိုင်ထဲ အိမ်ပွဲစားများ၊ မြေပွဲစားများ၊ ငွေထုပ်တွေ ရှေ့ချပြီး အလုပ်ရှုပ်နေကြသည်။ စာချုပ်စာတမ်းများအပေါ်တွင် ဘောလ်ပင်လေးတစ်ချောင်းမျှဖြင့် မိမိ လက်မှတ်လေးကို ခြစ်လိုက်ရုံမျှနှင့် သိန်းရာထောင်ချီ အပေးယူတည့် အရောင်းအဝယ် ဖြစ်နေကြလေသည်။
ကလေးတစ်ဦးသည် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးကို ကိုင်လျက် ညှိုးငယ်နွမ်းပါးသော မျက်နှာထားဖြင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ စားသုံးသူများထံ ငှက်ပျောသီး လိုက်ရောင်းနေလေသည်။ ငွေပုံတွေကြားထဲ နစ်မျောနေသော ပွဲစားများက ငှက်ပျောသီးသည်လေးကို ဂရုမပြုကြပေ။ အချို့စားပွဲများက ငှက်ပျောသီးသည်ကလေးကို လက်ကာပြကြသည်။
စားပွဲတစ်ဝိုင်းမှ အမျိုးသမီးတစ်ဦးက- “ ငှက်ပျောသီး တစ်ဖီးဘယ်လောက်လဲ သား။”
“၂၅၀၀ ပါ အန်တီ”
“အေး အန်တီ့ကို တစ်ဖီးပေးနော် ရော့ ၂၅၀၀”
“အန်တီ ရွေးလို့ရတယ်နော်” ဟု ဆိုကာ ကလေးငယ်သည် စက်ဘီးခြင်းထဲမှ ငှက်ပျောသီး နောက်တစ်ဖီးကို သွားယူလာပေးသည်။
ထိုကလေးငယ်အသက်သည် အလွန်ဆုံးရှိလှ ၁၁ နှစ်စွန်းစွန်းမျှသာ ရှိလိမ့်မည် ထင်ပါသည်။ သို့သော်လည်း မိသားစု အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ခက်ခဲသည့်ကြားက ရိုးရိုးသားသား ကြိုးစားနေသူလေး ဖြစ်သည်။ အနည်းဆုံးတော့ သူ့တွင် စားသုံးသူကို လေးစားရကောင်းမှန်း သိသည့် တာဝန်သိစိတ် ရှိသေးသည်။
နှစ်လုံးထီရောင်းသူ၊ စျေးသည်များ၊ ကာရာအိုကေဆိုင်ဝန်ထမ်း၊ အိမ်ပွဲစား ကားပွဲစားများနှင့် စည်ကားနေသော လက်ဖက်ရည်ဆိုင်အတွင်း မတူညီသောဘဝများမှ ထွက်ပေါ်လာသည့် အသံများဖြင့် ဆူညံလျက်ရှိသည်။ ရုန်းကန်နေရတာချင်း တူကြသော်လည်း နေရောင်အောက်က အသက်ရှူသံများက မတူညီကြပေ။
နဒီမင်း
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်)