ကေအန်ယူ- ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးတပါးနဲ့ လူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကျုံဒိုးမြို့နယ် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာမှာ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က KNDO တပ်ရင်း (၆) ဂဠုန်စစ်ကြောင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီ တပ်မ ၂၂ တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက် က ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တပ်မ ၂၂ က တပ်အင်အား ၅၀ လောက်ဟာ မြောက်ကြာအင်းရွာဆီ စစ်ကြောင်း ထပ်ထိုးလာခဲ့တာလို့ ဖော်ပြပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာက ဘုန်ကြီးကျောင်းဝင်းအတွင်း ကျရောက်ကာ ဘုန်းကြီးတပါး ခြေသလုံးကျည်စ မှန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကော့ဖေါင်းကျေရွာက အသက် ၃၉ နှစ်အရွယ် စောအဲဆိုဒ်ယှးလည်း လက်နက်ကြီး ကျဉ်ထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကြီးကြောင့် တောင်ကြာအင်းကျေးရွာ လူငယ်ခန်းမဆောင်အပေါ်ထပ်နဲ့ နေအိမ်တလုံး ပျက်စီးခဲ့သလို ရွာသူရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။