တရုတ်-မြန်မာအရှေ့မြောက်ဒေသ အဓိကကုန်သွယ်ရာ ပြည်ထောင်စုလမ်းမမှာ စက်တင်ဘာ ၄ ရက်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၁၀ တို့ကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။
သိန္နီမြို့ တိုးဂိတ်အကျော် သိန္နီ နဲ့ မန်ပြိန်းကြားက ကျောက်တောင်နားမှာ ဒီနေ့မွန်းတည့် ၁၂ နာရီ ကစပြီး မွန်းလွဲ ၂ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဝေးပြေးလမ်း နာရီပိုင်းကြာ လမ်းပိတ်သွားကြောင်း ဒေသခံတွက သိရပါတယ်။
သိန္နီဒေသခံတဦးက "ကြောက်သွားတာပေါ့။ တအားနီးတာ အသံက။ လက်နက်ကြီး ရောပါတယ်။ ဘုရားကုန်းနားမှာ ၁ လုံးပေါက်တယ်။ ဘယ်အဖွဲ့တွေဆိုတာ မသိပါဘူး။ လမ်းမကြီး ပိတ်ထားတာ၂ နာရီကျော်ထိ" ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၁၀ နဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပြီး အထိအခိုက် မသိရသေးဘူးလို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က အင်အားဖြန့်ကျက် ထိုးစစ်ဆင်နေသလို သိန္နီမြောက်ဘက်နဲ့ မြို့အနောက်ဘက်ခြမ်းကို လက်နက်ကြီး ပစ်ကူတာရှိပြီး လားရှိုးဘက်မှ စစ်ကား ၁၁ စီး အပြင် အရပ်သားကားတွေ အသုံးပြုကာ စစ်ကြောင်း ချီလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွား လာနိုင်ကြောင်း သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TN.PDF)၊ ပြန်ကြားရေးနှင့်ဆက်သွယ် ထောက်လှမ်းရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
လက်နက်ကြီးတွေပါ ပစ်ခတ်ပြီး ပြည်ထောင်စုလမ်းမကြီးနဲ့ နီးကပ်နေတာကြောင့် ခရီးသွား ပြည်သူတွေ လုံခြုံရေး စိုးရိမ်ကြရကြောင်း ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
တရုတ် - မြန်မာ အဓိကကုန်သွယ်ရာ လမ်းမကြီး တခုဖြစ်တဲ့ လားရှိုး - မူဆယ် အဝေးပြေး လမ်းမ အနီးနားတွေမှာ စစ်ကောင်စီနဲ့ တိုင်းရင်းရင်းသား လက်နက်ကိုင်တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်ပြီး အခုလမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပွားတာပါ။
အဲဒီ လမ်းမကြီးအနီးနားတကြောမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့တွေ၊ KIA၊ TNLA၊ MNDAA နဲ့ PDF စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားသွားလာရာ နယ်မြေဖြစ်ပါတယ်။