( ၁ )
ရေအိုင်ကြီးဘေးကလူသွားလမ်းကလေးပေါ်မှာ မေပယ်လ်ရွက်ကြွေတွေ ဝါချင်တိုင်း ဝါရွှေလျက်ရှိ၏။
ဆောင်းဝင်လာခဲ့ပြီ။ သစ်ရွက်တွေ ကြွေစပြုပြီ။ အထူးသဖြင့် မေပယ်လ်ရွက်ကြွေတွေဟာ လူသွားလမ်းဘေးနဲ့ လမ်းပေါ်မှာ ရွှေမှုန်ရွှေစတွေ ကြဲချထားသလို ကြွေကျနေကြ၏။
လူသွားလမ်းနှင့် ကိုက် ၅၀ မျှအကွာတွင် ကားလမ်းတခုရှိ၏။ ကားလမ်းမှာ ရေအိုင်ကြီးကို ဝိုင်းပတ်ဖောက်လုပ်ထားသည့် ကားလမ်းဖြစ်၏။ လူသွားလမ်းကလေးသည် ရေအိုင်ကြီးဘေးမှ အပန်းဖြေ လမ်းလျှောက်နိုင်ရန် ဖောက်ထားသော လမ်းကလေး ဖြစ်လေသည်။
လူသွားလမ်းကလေးပေါ်ကတဆင့် ကန်ရေပြင်ကို လှမ်းကြည့်ရင်း သူ့ခြေလှမ်းများမှာ လေးတွဲ့နေခဲ့ကြ၏။ လွန်ခဲ့သည့်ညက သူသည် ညဉ့်နက်မှ အိပ်ရာဝင်ခဲ့၏။ သို့သော် မနက် မိုးလင်းခါနီးသည်အထိ သူ့မှာ အိပ်မပျော်ခဲ့။ ရောင်နီသန်းချိန်တွင်မူ ရေအိုင်ဘေးက လူသွားလမ်းကလေးပေါ် သူ ရောက်လာခဲ့၏။
တနာရီနီးပါးမျှ သူ လမ်းလျှောက်လာခဲ့ပြီးပြီ။ သူ့အတွေးများမှာ တညလုံး တမနက်ခင်းလုံး သူ့ကို၊ သူ့နှလုံးသားကို နင်းချေထားခဲ့ကြ၏။
နေရောင်ခြည် တစောင်းထိုးကျနေသည့် မေပယ်လ်ပင် တပင်ဘေးတွင် သူ ရပ်လိုက်သည်။ မလှမ်းမကမ်းက ကန်ရေပြင်ကို လှမ်းကြည့်သည်။ ထိုအခါ ကမ္ဘာကျော် ဂျပန် ဟိုက္ကူကဗျာလေး တပုဒ်ကို သူ သတိရသွား၏။ ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး” ရဲ့ အထင်ရှားဆုံး ကဗျာတပုဒ်။
တိတ်ဆိတ်ရေကန်အိုအတွင်း
ဖားတကောင် ခုန်ဆင်း
ရေပွက်သံကြား
ပြီးတော့ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား…။
ယခုအချိန်တွင်မတော့ “သူ့ဘဝရေကန်အိုအတွင်း ဖားတကောင် ခုန်ဆင်းလို့ ရေပွက်သံ ကြားရတဲ့ အဖြစ်မျိုး”နဲ့ ကြုံနေရသလိုပါလားလို့ သူ တွေးမိသည်။ ရေပွက်သံများထဲတွင် အမျိုးအမည် ခွဲခြားရခက်သော အသံများကို ကြားရသလိုရှိ၏။ အသေအချာ နားစိုက်ထောင်သောအခါ ထိုအသံများမှာ သူနှင့် ဝေးသွားကြ၏။ နားအာရုံကို ရုပ်သိမ်းလိုက်သောအခါ ထူးဆန်းသည့် အသံများက သူနှင့် နီးလာကြပြန်သည်။
ဟိုက္ကူ ကဗျာထဲက “ရေကန်အို”၊ “ဖားတကောင်” နှင့် “ရေပွက်သံ” တို့သည် နိမိတ်ပုံများဖြစ်သည်ဟု ယူဆ၏။ “ရေကန်အို” သည် “ဘဝ” ဖြစ်သည်။ “ဖားတကောင်” သည် “ပယောဂ” ဖြစ်သည်။ “ရေပွက်သံ”သည် “ဂယက်” ဖြစ်၏။ ဘဝတည်း ဟူသော ရေကန်အိုအတွင်း ရေပွက်သံတည်းဟူ သော ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာကြရ၏။ သို့သော် ထိုရေကန် အိုမှာ တခဏအကြာတွင် ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားရသည် မဟုတ်ပါလော။
သည်လိုတွေးမိသည့်အခါ သူ့မှာ ကြေကွဲဝမ်းနည်းစိတ်ကို ဖြေလျှော့လို့ရလာ၏။
အိမ်ရှေ့ခြံဝင်းတံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ တံခါးမကြီးကို ဖွင့်သည်။ ဧည့်ခန်းထဲသို့ ဝင်မည်အပြုတွင် သီချင်းသံသဲ့သဲ့ကို သူ ကြားလာရ၏။ ဓာတ်ပြားနှင့်ဖွင့်နေသည့် သီချင်းသံ ဖြစ်သည်။ တီးလုံးသက်သက် သီချင်းသံ ဖြစ်သည်။ တီးလုံးသက်သက် သီချင်းသံကို ကြားရသဖြင့် ပျောက်ဆုံးနေသောခွန်အားများ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်လာကြ၏။ ဧည့်ခန်းထဲတွင် သူ့ချစ်သူသည် တယောက်တည်း က နေလိမ့်မည်ကို သူ သိသည်။
ဧည့်ခန်းပေါက်ဝတွင် ရပ်ကာ သူ့ချစ်သူကို ကြည့်သည်။ သူ့ချစ်သူသည် သူ့ကိုမကြည့်။ နံနက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်းလည်းဖြစ်၊ ကကွက်တခုလည်း ဖြစ်သည့် အကလေ့ကျင့်ခန်းကို စိတ်ပါလက်ပါ ကလျက်ရှိသည့် သူ့ချစ်သူ။
ပထမတော့ သူသည်လည်း သူ့ချစ်သူဆီလျှောက်သွားကာ အတူတွဲပြီး ကဖို့စဉ်းစားမိသေးသည်။ သို့သော် သူ့ခြေထောက်များမှာ ရွှေ့လို့မရဘဲ ဖြစ်နေ၏။ အမှန်တကယ်အားဖြင့်မူ သူသည် နှစ်ပေါင်း ၆၀ ကျော် အရိပ်တခုနှင့် ကခုန်နေခဲ့ရပြီးပြီပဲ။ ထို့ကြောင့် ဧည့်ခန်းဝတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့ လေသည်။
(၂)
ဗုံးခိုကျင်းအပေါက်ဝတွင် မီးခိုးမှိုင်းများဖြင့် ပိတ်ဆို့လျက်ရှိ၏။ နောက်စေ့ပေါ် လက်နှစ်ဘက် နောက်ပြန်ယှက်တင်ကာ ဗုံးခိုကျင်းထဲမှ ထွက်သည်။ သူ့ရှေ့ကတန်းစီပြီး သွားနေသည့် စစ်သားများသည် မီးခိုးမှိုင်းများကြားတွင် မြုပ်ဝင်လျှက်ရှိ၏။ ဗုံးခိုကျင်းထိပ်တွင် ရပ်မိသောအခါ ပတ်ဝန်းကျင်ကို မသိမသာအကဲခတ်လိုက်သည်။ ထိုစဉ်အခိုက်မှာပင် ဂျာမန်လို မပီမသ အော်ပြောလိုက်သည့် အမိန့်ပေးသံကို သူကြားလိုက်ရ၏။
မီးခိုးမှိုင်းများကြားတွင် ပြိုလဲလျက်ရှိသော အရာဝတ္တုတချို့ကို တွေ့ရ၏။ မလှမ်းမကမ်းတွင် ပြိုကျပျက်ဆီးနေသော အဆောက်အဦး တခုကိုလည်း မသဲမကွဲတွေ့ရ၏။ အော်ဟစ်အမိန့်ပေးနေသည့် အသံများကိုလည်း ကြားနေရ၏။ သူသည် သူ့ရှေ့က လျှောက်နေသူများနည်းတူ တခြားဂျာမန်စစ်သုံ့ပန်း အုပ်စုတစုနှင့် သွားရောလိုက်၏။ သူတို့အနားသို့ ကားတစင်း ထိုးဆိုက်လိုက်ပြီးနောက် ကားပေါ်သို့ တယောက်ချင်းစီ တက်ကြရ၏။ ထိခိုက်ဒဏ်ရာရထားသူနှင့် ဖျားနာနေသူများကို ဝိုင်းဝန်းဖေးမကာ ကားပေါ်တက်ကြ၏။
သူတို့စီးလာသောကားသည် စစ်ပွဲပြီးကာစ စစ်မြေပြင်တခုကိုဖြတ်ပြီး မောင်းချလာ လေသည်။ အဝေးဆီက အမြောက်သံများကြားရ၏။ လက်နက်ငယ် ပစ်ခတ်သံ တဖောက်ဖောက်ကိုလည်း ခပ်ဝေးဝေးက ကြားရ၏။ သူသည် ယခုအခါ မဟာမိတ်စစ်တပ်များ၏ ဖမ်းဆီးခံရသည့် ဂျာမန်စစ်သုံ့ပန်းတဦး ဖြစ်ခဲ့လေပြီ။
( ၃ )
လက်ခုပ်သံများမှာ အမြောက်သံ၊ သေနတ်သံများအဖြစ် ပြောင်းလဲသွား၏။ မီးခိုးမှိုင်းများကို သူ ရှူရှိုက်မိ၏။ ချွေးနံ့၊ ဖုန်နံ့များကို သူ ရှုမိ၏။ ဂျာမန်လို မပီမသ အမိန့်ပေးနေသည့် အသံများကို သူ ကြားလာရ၏။ ပြီးတော့ ကားတစီးဘီးလိမ့်သည့် အသံ။ ပြီးတော့…။
သူ့လက်နှစ်ဖက်ကို တစုံတယောက်က ဆုပ်ကိုင်လာသည့်အခါ သူ့မှာ အိပ်မက်တခုထဲမှ လန့်နိုးလာသလို ဖြစ်သွားရ၏။ သူ့ရှေ့တွင် လူတယောက် ရပ်နေ၏။ ထိုသူသည် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြုံးရွှင်စွာ သူ့ကို ကြည့်နေလေသည်။ ထိုအခါကျမှ သူသည် စင်မြင့်တခုပေါ် ရောက်နေသည်ကို ပြန်လည်သတိပြုမိသွားရ၏။ ယခုအခါ သူသည် သူ၏ မွေးရပ်မြေ ဒန်းဇစ်မြို့တွင် ရောက်နေလေသည်။ မြို့တော်ခန်းမအတွင်း ဂုဏ်ပြုပွဲအခမ်းအနားတခုတွင် ရောက်နေ၏။ သူနှင့် ပိုလန်သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး၊ “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ကို လက်ခံယူကြရန် ရောက်ရှိနေကြခြင်း ဖြစ်၏။
ပိုလန်သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” ကို သူသည် ယခုမှ လူချင်း တွေ့မြင်ဖူး၏။ ယခင်က အင်တာနက် အီးမေးလ်မှ တဆင့်သာ စကားပြောခဲ့၊ ဆက်သွယ်ခဲ့ဖူး၏။ “လက်စ်ဝယ်လ်ဆာ” သည် သူနှင့်ဘေးချင်းယှဉ်ကာ ရပ်နေလေသည်။ သူတို့နှစ်ဦး၏ဘေးတွင် ဒန်းဇစ်မြို့တော်ဝန် ရပ်နေ၏။ သုံးယောက်သား စကားပြောခွက်ရှေ့တွင် တန်းစီပြီးရပ်နေကြ၏။ စင်မြင့်၏ ရှေ့ခန်းမဆောင်ထဲတွင် လူတွေ ပြည့်ကျပ်လျက်ရှိလေသည်။
သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” က စကားပြောခွက်ရှေ့တွင်ရပ်ကာ ကျေးဇူးတင်စကား ပြောလေသည်။ သူ့စကားထဲ၌ ဂျာမန်လူမျိုးဖြစ်သည့်တိုင် ဒန်းဇစ်မြို့တွင် မွေးဖွားခဲ့သူ “သူ့” အကြောင်း ထည့်ပြောခဲ့၏။ သူ ရေးသားထုတ်ဝေခဲ့သည့် ကဗျာ စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ပြဇာတ်များအကြောင်းကိုလည်း စီကာပတ်ကုံး ပြောနေလေသည်။ “သူ့” လို ပုဂ္ဂိုလ်မျိုးကို “ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု” ချီးမြှင့်ခွင့်ရခြင်းဖြင့် ဒန်းဇစ်မြို့သားများတွင်မက၊ ပိုလန်ပြည်သူတွေအားလုံး ဂုဏ်ယူဖွယ်ကောင်းသည့်အကြောင်း ပြော၏။ ကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး၊ လူ့စိတ်ရင်း စေတနာများ မြင့်မား လာစေရေးအတွက် “သူ” ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာအုပ်စာပေများကို တန်းစီပြီး ပြောနေခဲ့၏။
သူသည် ပိုလန် သမ္မတကြီး၏စကားကို မကြားတချက်၊ ကြားတချက်။ သူ့မျက်လုံးများထဲတွင် လူထုပရိသတ်ကြီးကို မြင်တချက်၊ မမြင်တချက်ဖြစ်နေ၏။ သူ့နားထဲတွင် ဖိနပ်သံများ၊ သေနတ်ကျည် မောင်းထိုးသံများ၊ နာဇီ စကြာတံဆိပ် အလံများ၊ မီးခိုးမှိုင်းများကို အတိုင်းသား ကြားနေ၊ မြင်နေရ၏။
ညမှာ မာန်နတ်ရောက်လာပြီး
သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
ငါ့ရဲ့အရိုးပြာတွေနဲ့
သူ့သွားတွေကို တိုက်ချွတ်တယ်။
မာန်နတ်
ငါတို့
သူ့အံသွားတွေကြား
တွားတက်ပြီး ဝင်ကြရလိမ့်။
လက်ခုပ်သံများ စဲတော့ သူနဲ့သမ္မတကြီး “လက်စ်ဝယ်လ်ဆာ” တို့နှစ်ဦး စင်မြင့်ပေါ်က ယှဉ်တွဲပြီး ဆင်းလာကြ၏။ သတင်းထောက်တွေ၊ ဂုဏ်ပြုချီးကျူးကြသူတွေ၊ သူတို့နှစ်ဦးရှိရာ ပြေးလာကြလေသည်။
ထို့နေ့က ပိုလန်အသံလွှင့်ဌာနမှတဆင့် သူ့ကိုဂုဏ်ပြုသောအားဖြင့် သူ့ရဲ့နာမည်ကျော် “မာန်နတ်” ကဗျာကို ရွတ်ဆို ထုတ်လွှင့်ခဲ့လေသည်။
( ၄ )
စာရွက်တရွက်ပေါ်တွင် လိုအပ်သည့်အချက်အလက်များ ဖြည့်ပြီးသောအခါ သူသည် တခြား လူငယ်များနည်းတူ ဆံပင်ညှပ် ဆရာ၏ရှေ့တွင် သွားထိုင်လိုက်၏။ ဆံပင်ညှပ်ဆရာက သူ့ဆံပင်များကို ခပ်ကြမ်းကြမ်း ညှပ်ချလေသည်။ ဆံပင်ညှပ်နေရင်းက အခန်းအပြင်ဘက်က စစ်ဖိနပ်သံများကို နားစွင့်နေမိသည်။ သူ့ရင်ထဲ၌ မည်သည့်ခံစားမှုမျှမရှိ။ ဂျာမန် တမျိုးသားလုံး အမျိုးအမည် မသိရသည့် ကမ္ဘာကြီးတခုအတွင်း တိုးဝင်သွားနေကြသလို ဖြစ်နေ၏။ သူသည် ဂျာမန်လူမျိုးဖြစ်၏။ ဂျာမန်နိုင်ငံသား ဖြစ်၏။ ဂျာမန်တမျိုးသားလုံး လိုက်ပါလာနေသည့် ရေစီးကြောင်းကြီးအတွင်း သူသည်လည်း မျောပါလာနေ၏။ သူ့ခြေ သူ့လက်များ လှုပ်ရှားရခြင်း မရှိဘဲ သူ့အလိုလို မျောပါလာနေခြင်း ဖြစ်၏။ သူသည် စက်ရုပ်တရုပ် ဖြစ်နေခဲ့ပြီလား ဆိုသည်ကိုပင် သူ့ကိုယ်သူ မသိ။
ထိုစဉ်က သူသည် စစ်ထဲဝင်ရခြင်းကို ဂုဏ်ယူရမည်လား၊ ဝမ်းသာရမည်လား သူ မစဉ်းစား။ အခြား ဂျာမန်လူများစုကြီးနည်းတူ စစ်ထဲဝင်ဖို့ကိုပဲ စဉ်းစား၏။ သို့မဟုတ် အခြေအနေ အကြောင်းတရား အားလုံးက သူ့ကိုစစ်ထဲဝင်ဖို့ရန် တွန်းပို့နေခဲ့သလား…။
ခေါင်းဆောင်ကြီး ဟစ်တလာအပေါ် သူ ဘယ်လို ခံစားနားလည်ထားသည်ကိုလည်း မတွေးမိ။ ခေါင်းဆောင်ကြီး ဟစ်တလာ ဆင်နွှဲနေသည့် စစ်ကြီးအပေါ် တရားသည် မတရားသည်၊ နိုင်မည် ရှုံးမည် အစရှိသည့် အခြေခံပြဿနာများကိုလည်း သူ မစဉ်းစား။ သူသည် ဂျာမန်လူငယ်တဦး ဖြစ်သည်။ ယခုအခါ ဂျာမန်တမျိုးသားလုံး စစ်တိုက်နေကြသည်။ သူသည် စစ်ထဲဝင်ရန်မှတပါး အခြား သူမစဉ်းစား။ ယုတ်စွအဆုံး စစ်ထဲသို့ ဝင်ခဲ့ရသည့်တိုင် သည်စစ်ပွဲအတွင်း စိတ်ပါဝင်စားခြင်း၊ စိတ်အားထက်သန်ခြင်း ရှိမရှိဆိုသည်ကိုပင် သူ့ကိုယ်သူ မဝေဖန်ခဲ့။
သည်လိုနှင့် သူသည် စစ်ထဲသို့ ဝင်ခဲ့၏။ ဟစ်တလာ၏ လူငယ့်လက်ရုံးတပ်ဖွဲ့တွင် ပါဝင်ခဲ့၏။ စစ်ထဲဝင်ပြီးနောက် ၆ လ အကြာတွင်မူ မဟာမိတ်တပ်ပေါင်းစု၊ အမေရိကန်တပ်များ၏ လက်တွင်းသို့ စစ်သုံ့ပန်းအဖြစ် ကျရောက်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပြီ။ ဂျာမန်တို့ စစ်ရှုံးခဲ့ကြ၏။
( ၅ )
ထိုနေ့က သူ့ထံသို့ တကမ္ဘာလုံးက ကြေးနန်းစာများ၊ အင်တာနက် အီးမေးလ်မှတဆင့် စာများ၊ တယ်လီဖုန်း ဆက်သွယ်မှုများ တဖွဲဖွဲရောက်လာကြ၏။ သူ့အတွက် လူတိုင်းက ဂုဏ်ယူကြ၏။ သူ့နာမည်မှာ ဂျာမနီနယ်စပ်မျဉ်းကို ကျော်ကာ တကမ္ဘာလုံးသို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားလေသည်။
သူသည် “နိုဗဲလ်ဆု ရွေးချယ်ရေးအဖွဲ့” က ကြေညာသည့် ကြေညာချက်ကို မကြားခဲ့ရ။ သူ့ထံ ပေးပို့သော ကြေးနန်းစာ အရသာ သူ ဖတ်ခဲ့ရ၏။ ယခုအခါ သူသည် ဤကမ္ဘာပေါ်၌ အမြင့်မားဆုံး “စာပေနိုဗဲလ်ဆု”ကို ချီးမြှင့်ခံခဲ့ရပြီ။ သူသည် သည့်အတွက် ဝမ်းသာရမည်လား။ ဂုဏ်ယူဝံ့ကြွားထိုက်ရဲ့လား။
၁၉၉၉ ခုနှစ်အတွက် စာပေနိုဗဲလ်ဆု ချီးမြှင့်ခံရသူ သူ့ရဲ့ကဗျာများ၊ ဝတ္ထုများကို တကမ္ဘာလုံးတွင် ရှိသော နိုင်ငံတိုင်းလိုလိုက ဘာသာပြန်ဖော်ပြလာကြ၏။ သူ့အကြောင်းကို ကမ္ဘာကြီးက ပိုမိုသိရှိခွင့် ရလာကြ၏။ သူ့စာပေများကို သုတေသနပြုသူများ၊ စာတန်းရေးသူ၊ ဘွဲ့ယူသူများက သူ့ထံစာဖြင့် ဆက်သွယ်ကြ၏။ လူကိုယ်တိုင် တွေ့ခွင့်တောင်းကြ၏။ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တချို့က သူ့ကို ဖိတ်ကြားကာ သူ့စာပေများအကြောင်း ဟောပြောပို့ချစေခဲ့ကြ၏။
သည်လို ကမ္ဘာ့ယဉ်ကျေးမှုနယ်၊ ပညာရေးနယ်ပယ်တခုလုံးက သူ့အပေါ် အလေးအနက်ထား ဝန်းရံကြိုဆိုနေကြသည့် အချိန်အတွင်း သူသည် အထီးကျန်ဆန်မှုကို တနေ့တခြား ပိုမိုခံစားလာရ၏။ လူအုပ်ကြားထဲတွင် နေထိုင်ရင်း အဖော်မဲ့သလို ဖြစ်လာရ၏။ သူ့ဘ၀ သူ့အတိတ် သူငယ်စဉ်က သူ့ဖြတ်သန်းမှု တစိတ်တဒေသက သူ့ကို အရိပ်မည်းတခုလို ခြိမ်းခြောက်နေခဲ့၏။ လူတွေက သူ့အပေါ် ပိုမိုဂရုစိုက်လာနေကြသည့် တချိန်တည်းမှာပင် အရိပ်မည်းကြီးမှာ ပိုမိုကြီးမားလာခဲ့၏။ ရှေ့တိုးလာခဲ့၏။ သူသည် နှစ်ပေါင်းများစွာ သူ့နောက်မှ လိုက်ပါလာနေသည့် အရိပ်မည်းကြီးနှင့် မည်သည့်အချိန်တွင် လမ်းခွဲနိုင်မည် ဆိုသည်ကို သူ မသိ။
သူနှင့် ဘဝကြင်ဖော်အဖြစ် လက်တွဲခဲ့သူ “ကချေသည် ချစ်သူ” သည် သူ့အပေါ် ယခင်ကထက်ပိုပြီး ကြင်နာခဲ့၏။ တကမ္ဘာလုံးက သူ့အပေါ် စိတ်ဝင်တစား လေးစားဂုဏ်ပြုနေကြသည့်အချိန်၌ သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်သည် သူ့အတွက် အလုံခြုံဆုံး ခိုအောင်းနေထိုင်ရာအရပ် ဖြစ်ခဲ့၏။ သူ့ချစ်သူသည် သူ့နောက်မှ တကောက်ကောက် လိုက်နေသည့် “အရိပ်မည်းကြီး” ကို သူ့အနားသို့ ကပ်မလာနိုင်အောင် ထူးဆန်းသည့်စိတ်တန်ခိုးများဖြင့် ကာဆီးပေးထားသည်ဟု သူယုံကြည်၏။ ထို့ကြောင့် သူသည် သူ့ချစ်သူ “ကချေသည်” ဇနီး၏ရင်ခွင်ထဲမှတဆင့် “အရိပ်မည်းကြီး” တခုကို ချောင်းကြည့်နေခဲ့ရ လေသည်။
(၆)
လက်ထဲကစာရွက်ကို စားပွဲပေါ်ပြန်တင်ပြီးသည့်တိုင် သူ့လက်များမှာ မသိမသာ တုန်ယင်လျက်ရှိ နေသေး၏။ နှစ်ပေါင်း ၆၀ ကျော် စောင့်မျှော်ခဲ့ရသည့် အဖြစ်အပျက်တခုမှာ ယခုတော့ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီဖြစ်လေသည်။
“ခင်ဗျားအနေနဲ့ ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ဖွဲ့မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ကိစ္စကို အတိအလင်း ဝန်ခံဖို့ တောင်းဆိုချင်ပါတယ်၊ ဒါမှမဟုတ်ရင်လည်း ခင်ဗျားရထားတဲ့ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လည် အပ်နှံစေချင်ပါတယ်။ ဒါတွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ခင်ဗျားနဲ့အတူ တွဲပြီးရထားတဲ့ အဲဒီ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုကို ကျနော့်သဘောနဲ့ကျနော် ပြန်လည်အပ်နှံရပါလိမ့်မယ်”
သူ့နားထဲတွင် ပိုလန်သမ္မတဟောင်း “လက်စ်ဝယ်လ်ဆာ” ရဲ့ စကားသံများကို ဘေးချင်းယှဉ်ပြီး ပြောနေသလို ကြားနေရ၏။ နှစ်ပေါင်း ၆၀ ကျော် ကြာအောင် မျှော်လင့်နေခဲ့ရသည့် အဖြစ်အပျက်များမှာ ယခုအခါ သူ့ရှေ့သို့ ရောက်လာခဲ့ကြပြီ။ “ဂန်တာဂရပ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နိုဗဲလ်ဆုနဲ့ မထိုက်တန်ပါဘူး၊ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောာင်ဆုရယ်လို့ မဟုတ်ပါဘူး၊ သူ ရထားတဲ့ ဘယ်ဆုမဆို သူ့သဘောနဲ့သူ အားလုံးပြန်လည်အပ်နှံသင့်ပါတယ်”ဟု ကမ္ဘာကြီးရဲ့ ထောင့်တနေရာက လှမ်းအော်ပြောနေကြသည့် အသံများ။ သူ့အဖို့တုန်လှုပ်ခြင်း အလျှင်းမရှိပါ။ သည်လို ကြုံတွေ့ရမည့်ကိစ္စကို သူသည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် စောင့်နေခဲ့ပြီးပြီပဲ။ ကိုယ် မျှော်လင့်သလို ဖြစ်လာတာမို့ သူ့အဖို့ စိတ်ထိခိုက်စရာ စိုးစဉ်းမျှမရှိ။ သူသည် နှစ်ပေါင်း ၆၀ ကျော် “အရိပ်မည်းကြီး” တခုနှင့် ကခုန်ခဲ့ရပြီးပြီ။ ယခုအခါ ထို“အရိပ်မည်းကြီး”ကို အောင်မြင်စွာ ဖယ်ရှားဖို့ရာ အချိန်ကျရောက်ခဲ့ပြီ။ သူ မသေခင် ယခုလို အခွင့်အရေးကြုံရသည့် အတွက်ပင် သူ ကျေနပ်နေမိ၏။
ဆုံးဖြတ်ချက် အခိုင်အမာချပြီးသောအခါ၊ စားပွဲပေါ်တွင် စာတစောင် သူ ရေး၏။ ဒန်းဇစ် မြို့တော်ဝန်နှင့် သမ္မတဟောင်း “လက်စ်ဝယ်လ်ဆာ” တို့ထံ စာတစောင်စီ ရေး၏။ အမှန်စင်စစ် သည်စာနှစ်စောင်မှာ ယင်းပုဂ္ဂိုလ်နှစ်ဦးထံ ရေးပို့သည့်စာ ဖြစ်သည့်တိုင် ယဉ်ကျေးသော လူ့သမဂ္ဂကြီးတခုလုံးထံ ဝန်ခံတောင်းပန်သည့် စာတစောင်သာဖြစ်သည်ဟု သူသဘောထား၏။ ကမ္ဘာကြီးသည် သူ့အား ခွင့်လွှတ်နိုင်ကောင်းရဲ့လားဟု သူတောင့်တမိလေသည်။
(၇)
ဧည့်ခန်းထဲသို့ဝင်လာနေစဉ် သူ့ချစ်သူ “ကချေသည်” ဇနီးက သူ့အား အပြုံးနှင့် နှုတ်ဆက်လေသည်။ ယခုတော့ အရာအားလုံး ရှင်းလင်းပြတ်သားသွားခဲ့ပြီ။ နှစ်ပေါင်း ၆၀ ကျော် အတူတွဲပြီး ကခုန်ခဲ့ရသည့် မချစ်မနှစ်သက်သူ မိထွေးတော် အရိပ်မည်းကြီးနှင့် ထာဝရလမ်းခွဲနိုင်ခဲ့ပြီ။ သူ့ဘ၀ ရေကန်အိုအတွင်း ဖားတကောင် ခုန်ဆင်းလို့ ကြားလိုက်ရသည့် ရေပွက်သံများမှာလည်း ယခုအခါ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ။
သူသည် ဧည့်ခန်းဆောင်ခန်းမအလယ်တွင် ရပ်ကာ သူ့ဘ၀ သူ့အတိတ် သူ့အရိပ်များအကြောင်း ပြန်လည်တူးဆွနေမိပြန်လေသည်။ သည်တချိန်တွင် သူ့ဘ၀ သူ့အတိတ်များထဲ၌ “အရိပ်မည်းကြီး” မရှိတော့သည်ကိုလည်း ထူးဆန်းစွာ သူ သတိပြုမိလာလေ၏။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စာပေနိုဗဲလ်ဆုရှင် ဂျာမန်စာရေးဆရာ၊ ကဗျာဆရာကြီး “ဂန်တာဂရပ်” ၏ ဘဝတစိတ်တပိုင်းကို စိတ်ကူးဖြင့် ရေးဖွဲ့ ကြည့်ခြင်း ဖြစ်ပါသည်။
ကိုးကား။ ။ Gunter Grass : Selected Poems