မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အထက ကျောင်းထဲမှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့မှာ စက်တင်ဘာ ၂ ရက် ညနေ ၆နာရီခန့်က ပစ်ခတ်တိုက်ခိုက် ခံရတယ်လို့ ရွာခံတွေက ပြောပါတယ်။
“စက်တင်ဘာ ၂ ရက် နေ့ ညနေ ၆ နာရီလောက်က ကျောင်းထဲက ပေါက်ကွဲသံတွေကြားတာပဲ။ မိုးချုပ်ချုပ်လည်း ဖြစ်နေတော့ အပြင်လည်း မထွက်ကြတော့ဘူး။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်။ လူထိခိုက်သေဆုံးတာတော့ သေချာမသိဘူး။ ကျောင်းက ဝါတွင်းဆိုတော့ အဖိတ်၊ ဥပုတ် ပိတ်တာ၊ လာပစ်တာက ဥပုတ်နေ့ကြီး။ ပစ်ခတ်မှုကြောင့် ကျောင်းတပတ် ပိတ်လိုက်တယ်လို့တော့ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြင်စည် အထက ထဲက လုံခြုံရေးအဖွဲ့အား Natogyi People Defence Force(NPDF) က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ လုံခြုံရေးအဖွဲ့က ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိသွားတယ်လို့ NPDF က ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။