မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို စက်တင်ဘာ ၂ ရက်နေ့က ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းလိုက်တယ်လို့ စစ်တပ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဆန်တန်ချိန် ၁၀၀၀ (အိတ်ရေ ၂၀၀၀၀) ကို ရန်ကုန်မြို့က Asia World Port Terminal မှာ စစ်ကောင်စီခန့်ထားတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
သီရိလင်္ကာပြည်တွေအပေါ် မြန်မာအစိုးရ(စစ်ကောင်စီ)နဲ့ ပြည်သူတွေရဲ့ စာနာမှုကိုပြသတာဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာသံအမတ်ကြီးကလည်း အခုလို လှူဒါန်းဖို့ စီမံပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးအများကြီးတင်ကြောင်း၊ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံရဲ့လတ်တလော အခြေအနေမှာ အခုလို လှူဒါန်းတာဟာ အထောက်အကူအများကြီးဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း စစ်တပ်သတင်းမှာဖော်ပြပါတယ်။
မြန်မာပြည်တွင်းမှာ လက်ရှိ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်မှုကြောင့် ပြည်သူတွေ စီးပွားရေးကျပ်တည်းနေပြီး စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်လပ် ထမင်းနပ်မှန်အောင် မစားနိုင်ဘဲ အခက်အခဲကြုံနေချိန်မှာ အာဏာသိမ််း စစ်ကောင်စီက နိုင်ငံခြားတိုင်းပြည်ကို ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းလိုက်တာဖြစ်ပါတယ်။
Photo- DSINFO