ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာမှာ သြဂုတ် ၃၁ ရက် ည ၁၀ နာရီကျော်က တာဝန်ကျ စစ်သားအချင်းချင်း ရန်ဖြစ်စကားများပြီး ပစ်ခတ်ရာက ဗိုလ်ကြီးအပါအဝင် ခုနှစ်ယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကင်းစောင့်ခိုင်းတဲ့ကိစ္စနဲ့ စကားများရန်ဖြစ်ပြီးနောက် ထိုးကြိတ်ခံရတဲ့ တပ်သားနှစ်ယောက်က ဒေါသထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကြီးနိုင်ငယ်ညှဉ်းကိစ္စတွေလေ။ လူပါးဝပြီး ဗိုလ်ကြီးက စပြီး ထိုးကြိတ် ကန်ကျောက်တာ။ ကင်းစောင့်တဲ့ကိစ္စနဲ့ မခံနိုင်တော့ သေနတ်ယူပြီး ပြန်ပစ်တာ။”
သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူတွေဟာ ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတွေဖြစ်တဲ့ တိုးတက်နိုင်၊ မျိုးမင်းခန့်၊ စန်းဝင်း၊ အောင်လေးနဲ့ လင်းလင်းထွေးတို့ဖြစ်ပြီး စစ်တပ်မိသားစု အမျိုးသမီးနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီဗွီဘီက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ပစ်ခတ်ခဲ့တဲ့ တပ်သားနှစ်ေယာက်မှာ တယောက် ဖမ်းဆီးခံရပြီး တပ်သားတယောက်မှာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လတ်တလောမှာ သန်လျင်တံတားကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ကာ ကားတွေနဲ့ လူတွေကို စစ်ဆေးနေတဲ့အပြင် ဖုန်းတွေကိုပါ စစ်ဆေးနေပြီး မြို့တွင်းလမ်းဆုံတွေမှာ လုံခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။