တရက်မှာ စာရေးသူဟာ မြန်မာပြည်ပြန်မယ့် သူငယ်ချင်းကို လိုက်ပို့ဖို့ လေဆိပ်လိုင်း ရထားစီးနေတုန်း ရုတ်တရက် “ဒို့ဒိုက ငါတို့ရဲ့မြေ” ဆိုတဲ့ ကြော်ငြာဗွီဒီယိုလေးနဲ့အတူ အသံလေး ထွက်ပေါ်လာပါတယ်။ အသံကြားလိုက်တာနဲ့ ချက်ချင်း စာရေးသူအတွေးထဲ ဘာကြောင့် “ဒို့ဒိုက ငါတို့မြေလို့ ပြောတာပါလိမ့်” ကိုရီးယားနိုင်ငံမှာရှိတဲ့ ကျွန်းက ကိုရီးယားပိုင်တာပဲ မဟုတ်ဘူးလား။ ဧကန္တ တခြားနိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာများ ရှိနေမလားဆိုတဲ့ မေးခွန်းအမျိုးမျိုး၊ အတွေးပေါင်းစုံနဲ့ ဒီကြော်ငြာလေးက ထူးဆန်းတယ်လို့ တွေးမိခဲ့တယ်။
သူငယ်ချင်းကို လေဆိပ်ပို့ပြီး အိမ်ပြန်တဲ့လမ်းမှာပဲ စာရေးသူဟာ “ဒို့ဒို” နဲ့ ပတ်သက်ပြီး သိချင်စိတ်တွေကို ထိန်းမနိုင်တော့တာကြောင့် အင်တာနက် စာမျက်နှာများကနေ တဆင့် “ဒို့ဒို” ရဲ့အကြောင်းကို ရှာဖွေလေ့လာ ဖတ်ရှုကြည့်မိတယ်။ သက်ဆိုင်ရာ ဆောင်းပါးတွေ၊ သတင်းအချက်အလက်တွေ ဖတ်ကြည့်ပြီး နောက်မှာတော့ ထင်ထားတဲ့အတိုင်း “ဒို့ဒို” ဟာ လူအများ စိတ်ဝင်စားခြင်းခံရတဲ့ အကြောင်းတွေ၊ ပြဿနာတွေနဲ့ ပြည့်နှက်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ကျွန်းလို့ ပြောလိုက်ရင် နိုင်ငံခြားသား အများစုက ဂျယ်ဂျူကျွန်းကိုပဲ မျက်လုံးထဲ တန်းမြင်ယောင်မိကြလေ့ ရှိပါတယ်။ စာရေးသူအပါအဝင် လူအများစုက ကိုရီးယားဇာတ်လမ်းတွဲတွေကတဆင့် တောင်ကိုရီးယားရဲ့ လှပတဲ့ကျွန်းဆိုရင် ဂျယ်ဂျူကျွန်းပဲ ရှိတာလို့ တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာ ဂျယ်ဂျူကျွန်းအပြင် လှပပြီး သမိုင်းအထောက်အထားအရရော၊ နိုင်ငံရေးအရပါ စိတ်ဝင်စားစရာ အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အခြားကျွန်းတခုလည်း ရှိပါသေးတယ်။ အဲဒီကျွန်းကတော့ “ဒို့ဒို” ဆိုတဲ့ ကျွန်းလေးပါ။ ဒီကျွန်းလေးဟာ တောင်ကိုရီးယားရဲ့ ကျွန်းတွေထဲမှာ ကိုရီးယားကျွန်းဆွယ် ကုန်းမြေနဲ့ အဝေးဆုံးမှာရှိတဲ့ ကျွန်းတကျွန်းလည်း ဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာတဲ့ ကျွန်းလေးဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်အထက် ၂,၀၀၀ မီတာခန့် မြင့်ပါတယ်။ “ဒို့ဒို” ဆိုတဲ့ ကျွန်းလေးဟာ အရှေ့ကျွန်း အနောက်ကျွန်းဆိုပြီး ကျွန်းနှစ်ကျွန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး “ဒို့ဒို” ဆိုတဲ့ အမည်အပြင် “ချောန်းဆန်းဒို”၊ “အူဆန်းဒို”၊ “ဂျာဆန်းဒို” အစရှိသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုကြပါတယ်။ “ဒို့ဒို” ဆိုတဲ့ အဓိပ္ပာယ်ဟာ “အထီးကျန်ကျွန်း” (သို့) “ကျောက်တုံးကျွန်း” လို့ အဓိပ္ပာယ်ရပါတယ်။ အရှေ့ပင်လယ်ပြင်မှာ တခုတည်း ထီးထီးကြီး တည်ရှိနေလို့ “အထီးကျန်ကျွန်း”၊ ကျောက်စိုင်၊ ကျောက်သားတွေရှိတဲ့ ကျွန်းမို့လို့ “ကျောက်တုံးကျွန်း” စသဖြင့် အဓိပ္ပာယ်ဖွင့် ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ စာရေးသူအနေနဲ့ “ဒို့ဒို” နဲ့ပတ်သက်တဲ့ ထူးခြားချက်လေးတွေကို စာရေးသူရဲ့အမြင်၊ ရှုထောင့်ကနေ တဆင့် ပြောပြချင်ပါတယ်။
ပထမအချက်ကတော့ “ဒို့ဒိုက ဂျပန်ပိုင်တဲ့ ကျွန်းလား၊ တောင်ကိုရီးယားပိုင်တဲ့ ကျွန်းလားဆိုတဲ့” မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အချက်နဲ့ ပတ်သက်ပြီး လေ့လာကြည့်ပြီးတဲ့နောက် ဂျပန်နိုင်ငံဟာ ၁၉၀၅ ခုနှစ် ကိုရီးယားကျွန်းဆွယ် တခုလုံးကို သိမ်းပိုက်ပြီးနောက် “ဒို့ဒို” ကျွန်းကိုလည်း ဂျပန်နိုင်ငံပိုင်နက်အဖြစ် ကြေညာလိုက်ပါတယ်။ ဒါ့အပြင် “ဒို့ဒို” ကျွန်းဟာ အရင်ကတည်းက ဂျပန်ပိုင်ကျွန်းလို့ ဆိုပြန်ပါတယ်။
သို့သော် တောင်ကိုရီးယားဘက်ကတော့ ဂျပန်ရဲ့ ကျူးကျော်မှု မခံခင်ကတည်းက “ဒို့ဒို”ဟာ ဂျိုဆောန်းခေတ်ကတည်းက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး မှတ်တမ်းအထောက်အထားများလည်း စုံလင်တဲ့အပြင် ဟိုးအရင်ကနေ လက်ရှိ ယနေ့အချိန်ထိ ကျွန်းပေါ် နေထိုင်နေတဲ့သူတွေဟာ တောင်ကိုရီးယား နိုင်ငံသားတွေပဲ ဖြစ်လို့ ကိုရီးယားလူမျိုးတွေနေတဲ့ ကျွန်းဟာ ကိုရီးယားနိုင်ငံရဲ့ကျွန်းသာ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဂျပန်နိုင်ငံဟာ သူတို့သာလျှင် “ဒို့ဒို” ကို ပိုင်ဆိုင်တာ အမှန်ပါလို့ အခိုင်အမာ ပြောဆိုသော်ငြားလည်း ပထဝီအနေအထားအရပဲ ကြည့်ကြည့်၊ နိုင်ငံတကာ ရေပိုင်နက်မျဉ်းအရပဲ ကြည့်ကြည့် “ဒို့ဒို” ဟာ တောင်ကိုရီးယားကျွန်းမြေနဲ့ ပိုနီးပြီး ဂျပန်နိုင်ငံနဲ့တော့ တောင်ကိုရီးယားထက် ၂ ဆခန့် ပိုဝေးပါတယ်။ ဒါ့အပြင် “ဒို့ဒို” ကျွန်းပေါ်မှာ ကိုရီးယားရဲ့ လမ်းအမည်တွေ၊ ၂၀၁၅ ခုနှစ်မှစပြီး စာတိုက်နံပါတ်တွေအထိ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကို ခြုံငုံသုံးသပ်ကြည့်ခြင်းအားဖြင့် “ဒို့ဒို” ဟာ တောင်ကိုရီးယားရဲ့မြေဖြစ်တာဟာ ပိုထင်ရှားတယ်လို့ ဆိုနိုင်ပါတယ်။
ဒုတိယအချက်ကတော့ “ဒို့ဒို” ကျွန်းပါ်မှာ အခြားနေရာဒေသမှာ မတွေ့ရ၊ မမြင်ရနိုင်တဲ့ အပင်တွေ၊ သတ္တဝါတွေကို မြင်တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မျိုးသုဉ်းပျောက်ကွယ်မှုကြောင့် မတွေ့မြင်နိုင်တော့ပေမဲ့ အရင်ကတော့ “ဒို့ဒို” ဟာ ပင်လယ်ဖျံတွေ ကျက်စားရာဒေသလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပင်လယ်ဖျံတွေ ဘာကြောင့် ပျောက်ကွယ်သွားရသလဲဆိုတဲ့ မေးခွန်းကို ဖြေရရင် ဂျပန် ငါးဖမ်းသမားတွေရဲ့ လက်ချက်ကြောင့်ပဲလို့ ဆိုရပါမယ်။ ဂျပန်ငါးဖမ်းသမားတွေက “ဒို့ဒို” ကျွန်းပေါ်မှာ ငါးဖမ်းလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တဲ့ ၁၉၀၄ ခုနှစ်ကနေ စပြီး ၈ နှစ်အတွင်း ပင်လယ်ဖျံ အကောင်ပေါင်း ၁၁၀,၀၀၀ အထက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ဂျပန်ငါးဖမ်းသမားတွေရဲ့ အလွန်အကျွံ ဖမ်းဆီးမှုကြောင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်း (IUCN) က ၁၉၉၄ ခုနှစ်မှာ “ဒို့ဒို” ကျွန်းရဲ့ ပင်လယ်ဖျံတွေ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီလို့ တရားဝင် ကြေညာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်တဲ့ သတ္တဝါတွေထဲမှာ အသိဉာဏ်အရှိဆုံးလို့ဆိုတဲ့ လူသားတွေရဲ့ လောဘတွေကြောင့်ပဲ သဘာဝတရားကြီးနဲ့ ဂေဟစနစ်ကြီး ပျက်စီးစေတဲ့အပြင် အပင်သတ္တဝါတွေ တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်လာတဲ့ ကိစ္စတွေဟာ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သဘာဝတရားကြီးကို ထိန်းသိမ်းကာကွယ်ရမယ့် တာဝန်အရှိဆုံး လူသားတွေက မကာကွယ်တဲ့အပြင် ဖျက်ဆီးနေတယ်ဆိုတာကို “ဒို့ဒို” ရဲ့ ပင်လယ်ဖျံလေးတွေက သက်သေပြနေပါတယ်။
တတိယအချက်ကတော့ “ဒို့ဒို”ကျွန်းမှာ ပင်လယ်ရေနေသတ္တဝါတွေနဲ့ ပင်လယ်ရေမှော်တွေ ပေါများတာပဲ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အစောင့်တပ်သား အပါအဝင် နေထိုင်သူ အယောက် ၄၀ ပဲ ရှိတဲ့အတွက်ကြောင့် မပျက်စီးသေးတဲ့ သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ရေနေ သတ္တဝါတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် “ဒို့ဒို”ကျွန်း တည်ရှိတဲ့ အရှေ့ပင်လယ်ပြင်မှာ လင်းပိုင်တွေ၊ ပင်လယ်စင်ရော်တွေ ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံဟာ “ဒို့ဒို”ကျွန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နေရာအဖြစ် သတ်မှတ်ထားပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် “ဒို့ဒို” ဟာ တောင်ကိုရီးယားရဲ့ ရတနာကျွန်းလို့ တင်စားခေါ်ဆိုရင် မလွန်ဘူးလို့ ထင်ပါတယ်။ ဒါ့အပြင် “ဒို့ဒို” ဟာ နိုင်ငံရေးအရ ဂျပန်နဲ့ အငြင်းပွားနေပေမဲ့လည်း ကမ္ဘာကို “ဒို့ဒို” ရဲ့ပိုင်ရှင်ဟာ တောင်ကိုရီးယားဖြစ်ကြောင်း ပြသဖို့ ကြိုးစားနေပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ “ဒို့ဒို” ဆိုတဲ့ ကျွန်းလေးကို စာရေးသူသည် ၂၀၂၂ ခုနှစ် နိုင်ငံတကာကျောင်းသားများ ဒို့ဒို လေ့လာရေး ပရိုဂရမ်မှတဆင့် သွားရောက်လေ့လာဖို့ အခွင့်အရေး ပေါ်ပေါက်လာပါတယ်။ ကိုရီးယားလူမျိုးတွေတောင် သွားဖို့ ခက်ခဲတဲ့ ကျွန်းကို ရောက်ရှိခဲ့တဲ့ စာရေးသူအတွက်တော့ မဟာအခွင့်အရေးလို့တောင် ဆိုနိုင်ပါတယ်။ အရင်က ရထားပေါ်မှာ ကြားတွေ့ခဲ့ရတဲ့ ကြော်ငြာလေးကတဆင့် စိတ်ဝင်စားမှု အစပြုခဲ့တဲ့ ကျွန်းလေးကို သွားရောက်လေ့လာရမည်ဆိုတော့ မဖော်ပြနိုင်လောက်အောင်ကို ပျော်ရွှင်မိတာ အမှန်ပင် ဖြစ်ပါတယ်။ စာရေးသူ “ဒို့ဒို” ကျွန်းလေးကို ရောက်ရှိသွားချိန်မှာတော့ ထင်ထားတာတွေထက် လက်တွေ့မှာ ပိုသာယာလှပပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာတွေက များပြားလှပါတယ်။ ဘယ်လောက်မှ သိပ်မကျယ်လှတဲ့ ကျွန်းလေးဖြစ်ပေမဲ့ သူ့ရဲ့တန်ဖိုးကတော့ အဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။ ပင်လယ်ဖျံလေးတွေကို မတွေ့ရလို့ ဝမ်းနည်းမိပေမဲ့ တခြား သဘာဝတရား အလှတွေကို ခံစားနိုင်သေးလို့ စိတ်ကျေနပ် ပီတိဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ဒီတခေါက် လေ့လာရေးခရီးကတဆင့် သိရှိခဲ့ရတဲ့ အကြောင်းအရာ တခုကတော့ “ဒို့ဒို” ကျွန်း တည်ရှိတဲ့ အရှေ့ပင်လယ်ဟာ တရုတ်နဲ့ ရုရှား၊ အမေရိကန်နဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားရဲ့ စစ်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ ဖြတ်သန်း စစ်ရေးလေ့ကျင့်ရာ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့ပင်လယ်ပြင်ဟာ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် စစ်မြေပြင်ရဲ့ ပင်လယ်လို့တောင် ဆိုနိုင်ပါတယ်။ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ ဒွန်တွဲနေတာကြောင့် စစ်ကနေ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုတာ အလှမ်းမဝေးလှပါဘူး။ ဒါကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေသာ စည်းလုံးရင် စစ်မြေပြင် ပင်လယ်ဖြစ်တဲ့ အရှေ့ပင်လယ်ဟာလည်း ငြိမ်းချမ်းရေးပင်လယ်အဖြစ်သို့ ပြောင်းလဲလာနိုင်ပြီး “ဒို့ဒို” ဟာလည်း “ငြိမ်းချမ်းရေးကျွန်း” လေး ဖြစ်လာနိုင်ပါတယ်။
နိဂုံးချုပ်ရရင် “ဒို့ဒို” ဟာ ကျွန်းသေးသေးလေး ဖြစ်ပေမဲ့ များပြားတဲ့ သဘာဝအလှတရားတွေ တည်ရှိတဲ့ အတွက်ကြောင့် တောင်ကိုရီးယားရဲ့ လှပတဲ့ “ရတနာကျွန်း” (သို့) အနာဂတ်ရဲ့ “ငြိမ်းချမ်းရေးကျွန်း” လေး တခုလို့ ဆိုချင်ပါတယ်။ “ဒို့ဒို” ကျွန်းပေါ်မှာ ပင်လယ်ဖျံလေးတွေ ပြန်မတွေ့နိုင်တော့ပေမဲ့ များပြားလှတဲ့ သက်ရှိသတ္တဝါတွေနဲ့ သဘာဝအလှတရားတွေ အစရှိတဲ့ ရတနာတွေ အခုထိ ကျန်ရှိနေသေးတာကိုက ဝမ်းသာစရာပါ။ ဒါ့ကြောင့် “ဒို့ဒို” ကျွန်းရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စာရေးသူကတော့ ဖျက်ဆီးသူနဲ့ ထိန်းသိမ်းသူကြား သဘာဝတရားကြီးကို ထိန်းသိမ်းတဲ့သူကသာ ကျွန်းရဲ့ပိုင်ရှင်လို့ ဆိုချင်ပါတော့တယ်။
စောယွန်းသား (စစ်ကိုင်း)