စစ်ကောင်စီထုတ်ကုန်တွေကို ကူးသန်းရောင်းဝယ်မှုမလုပ်ဖို့ တားမြစ်ထားပေမဲ့ ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားတွေက ရှောင်ကြဉ်မှုမရှိဘဲ ဆက်လက်ရောင်းဝယ်တာတွေ ပြုလုပ်နေတာကြောင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်တော့မယ်လို့ တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်သပိတ်တွေ အကြမ်းဖက် ဖြိုခွင်းခံရပြီး ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်း ထုတ်ကုန်တွေကို ရောင်းဝယ်သုံးစွဲတာတွေ မပြုလုပ်ကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး တားမြစ်ထားတာပါ။
တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ တာဝန်ခံက “ကျနော်တို့ တားမြစ်ထားတဲ့ကြားက သူတို့က အခုလိုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် နောက်ဆိုရင် ကျနော်တို့အဖွဲ့က ကားအုံနာနဲ့ ကားမောင်းသူကိုပါ အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်။ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ ထုတ်ကုန်တွေ အားမပေးကြပါနဲ့၊ ရောင်းဝယ် အသုံးမပြုကြပါနဲ့လို့ ပြောချင်ပါတယ်။” လို့ ပြောပါတယ်။
တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေး၊ တားမြစ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာ၊ ဆေးလိပ်တွေကို ကူးသန်းရောင်းဝယ်မှုမလုပ်ဖို့ တားမြစ်ထားပေမဲ့ စစ်ဆေးရာမှာ ဆက်လက်တွေ့ရှိနေတာကြောင့် တမူးတပ်ရင်း-၃ က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဩဂုတ် ၂၉ ရက်ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ ကုန်တင်ယာဉ်တစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာဖာ ၂၀၀ ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုအရ တမူး-ကလေး အာရှလမ်းမကြီးပေါ်က ကုန်ကားတွေကို တမူး PDF ၃ က စစ်ဆေးဆောင်ရွက်နေတာဖြစ်ပြီး မကြာခဏဆိုသလို စစ်ကောင်စီထုတ်ကုန် သယ်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးရမိနေတာ ဖြစ်ပါတယ်။