မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၁၃၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြားရှိ ဂိမ်းဆိုင်တဆိုင်နားမှာ ဩဂုတ် ၃၁ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတာရှိပြီး စစ်ကောင်စီတပ်တွေက ညပိုင်းက လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်နေ ပြည်သူတဦးက “အဲ့ဒီ ငါးဖမ်းဂိမ်းဆိုင်က လောင်းကစားရုံ လိုဖြစ်နေတာ။ ဟိုတခါလည်း PDF တွေက သတိပေးတာခံရတယ်လို့ ကြားတယ်။ ဗုံးပေါက်တာက လူထိခိုက်တာတော့ မရှိဘူး။” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်က နေအိမ် တအိမ်ရှေ့မှာလည်း မနေ့ ည ၈ နာရီလောက်က မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ပါသေးတယ်။
အဆိုပါ ဗုံးကွဲမှုတွေကို ဘယ်သူကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်တာ မရှိသေးပါဘူး။