ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ရပ်ကွက်ကျေးရွာတချို့ကို စစ်ကောင်စီတပ်က လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်အများစုနေတဲ့ မေတ္တာရပ်ကွက်ကို မီတာပုံမှန်ဆောင်ပေမယ့် မီး မပေးတော့တာ တပတ်လောက်ရှိပြီလို့ ရပ်ကွက်သားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ ည ၈ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ မြို့နယ်လျှပ်စစ်ဦးစီးမှူးကိုယ်တိုင် စေးဒေးမောဒေးလမ်းပေါ်က ထရမ်စဖော်မာကို မိန်းလာချပြီး မီးဖြတ်သွားတာလို့ ဆိုပါတယ်။
မီတာရုံးကို ရပ်ကွက်နေပြည်သူတွေက သွားမေးရာမှာ အထက်က ဖြတ်ခိုင်းတာလို့ ရုံးတာဝန်ရှိသူ ၁ ယောက်က ပြောကြောင်း ဒေသခံတယောက်က ပြောပါတယ်။
ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်အပြင် ရွှေပေါက်ကံ၊ ဗောဓိကုန်း ရပ်ကွက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ သဲကုန်း၊ ငါးဗျက်အင်း၊ အင်းနက်၊ နရွဲပင်၊ ကြို့ကုန်း ၊လယ်ဝိုင်းကြီး၊ ကျွန်းကုန်း ကျေးရွာတွေကိုတော့ မီးဖြတ်ထားတာ ၃ လကျော်ပြီလို့ သိရပါတယ်။