ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာမှ စစ်ရှောင်နေရတဲ့ မြေးအဘိုး နှစ်ယောက် နေအိမ်သို့ပြန်စဉ် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက် နေ့လယ်က စစ်ဘေးရှောင်နေတဲ့ ဦးဝင်းရွှေ အသက်(၆၅)နှစ်နဲ့ သူ့ရဲ့ မြေးဖြစ်သူ ကိုစိုင်းစိုင်း အသက် (၁၈) နှစ်တို့ ဆိုင်ကယ်နဲ့ နေအိမ်ကိုပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ သွားယူချိန်မှာ လပတ်ကျေးရွာနဲ့ တုံးဘိုကျေးရွာ အကြားမှာ သေနတ်နဲ့ ပစ်ခံရပြီးနောက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒေသခံ တဦးက"စစ်ရှောင်နေရတာကြာတော့ စားဝတ်နေရေးအဆင်မပြေတာနဲ့ မြေးဖြစ်တဲ့သူက ထိုင်းကို အလုပ်သွားလုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သွားယူကြတာ။ သူတို့ အပစ်ခံရတဲ့နေရာက လူပြတ်တယ်။ ဘယ်အဖွဲ့က ပစ်သတ်သွားတာလည်းတော့ မသိဘူး။ စစ်ကောင်စီစစ်ကြောင်းကတော့ ကားတွေနဲ့ အဲ့ဒီဘက်ကို ဖြတ်သွားဖြတ်လာ တွေလုပ်တယ်”လို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရွာခံတွေက လပတ်ကျေးရွာသုဿန်မှာပဲ နေ့ချင်း မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသားအများစုကို ဖမ်းဆီးခေါ်ဆောင်လေ့ရှိလို့ လူငယ်လူလတ်ပိုင်း အမျိုးသားအများစု စစ်ရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာ အလုပ်ကနေ နေအိမ်သို့ ပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ် စောလေးလူထူးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။