စစ်ကိုင်းတိုင်း ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ ဩဂုတ် ၂၇ ရက် ည ၁၀ နာရီခွဲလောက်က ရပ်ထားတဲ့ ၁၀ ဘီးကားတစီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်တဲ့ ပတ်ဝန်းကျင်နားနေ ဒေသခံတဦးက “ကားက ဖောင်းကနဲ အသံမြည်ပြီး မီးထလောင် တာ။ ဘာကြောင့် မီးလောင်တယ်ဆိုတာတော့ သေချာ မသိရသေးဘူး။ ဆယ်ဘီးကား မီးလောင်တာ" လို့ ပြောပါတယ်။
မီးလောင်ရာကို လာရောက်ငြှိမ်းသတ်ဖို့ ဆက်သွယ်ပေမဲ့ မီးသတ်က လာရောက် ငြှိမ်းသတ်တာ မရှိလို့ အနီးက မဟာသန္တာရုံကျောင်းတိုက်က သံဃာတော်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး လာရောက် ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့မီးသတ်ဌာန ဝန်ထမ်းတဦးက “အဲဒီနေ့ ညက မီးလောင်လို့ ရပ်ကွက်ဒေသခံတွေ ကျနော်တို့ မီးသတ်ရုံးကို ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်မှာ မြို့တွင်းမှာ ပစ်ခတ်သံတွေ ဆူညံနေလို့ အချိန်ခဏ စောင့်လိုက်တယ်။ နောက်တော့ မီးလောင်တဲ့ဆီ ဖုန်းဆက်လိုက်တော့ သံဃာတော်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး မီးငြိမ်းနိုင်လိုက်တယ်လို့ ပြောလို့ မသွားဖြစ်ခဲ့တာပါ"လို့ ပြောပါတယ်။
မီးငြိမ်းသတ်ရင်း သံဃာတပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး မီးလောင်ရာနဲ့ နီးတဲ့ ဘေးအိမ်က မှန်တံခါး တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို စစ်တပ်က လာရောက် စစ်ဆေးသွားတယ်လို့ ရပ်ကွက်နေသူ တွေက ပြောပါတယ်။