မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြိုနယ်မှာ တနှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထီးလင်းမြို့နယ်အခြေစိုက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defense Force-Htilin က ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရရဲ့ မူဝါဒလမ်းစဉ်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေကြပြီး တပ်ရင်း တည်ထောင်တဲ့ တနှစ်ကျော်ကာလမှာ တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားကာ စစ်တပ်က ၂၅၀ ကျော် ကျဆုံးခဲ့သလို စစ်စခန်း တခုကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲတွေမှာ PDF ရဲဘော် ၁ ယောက် ကျဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးကာလအတွင်း ကျန်းမာရေးမကောင်းလို့ သေဆုံးသူ ၂ ယောက် ရှိတယ်လို့ ထီးလင်း PDF တာဝန်ခံ ဗိုလ်ကျီးကန်းက ပြောပါတယ်။
၁ နှစ်နီးပါးကြာ အင်တာနက်ဖြတ်တောက်ခံရတဲ့ ထီးလင်းမြိုနယ်ထဲမှာ လတ်တလော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမှု အားကောင်းလာသလို စစ်တပ်ကလည်း ကျေးရွာတွေကို စစ်ဆင်ရေး လုပ်ပြီး အိမ်မီးရှိုတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ထီးလင်း PDF ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ တနှစ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်က သေဆုံးတဲ့စာရင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defense Force-Htilin က ထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။