“အဆွေတော် လာရောက်သည့် ယခုခရီးစဉ်သည် တရားဝင်ခရီးစဉ်ဖြစ်ပြီး လက်ရှိ အဆွေတော် တည်ရှိနေသည့်နေရာသည် နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမ ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသည်” လို့ ဆိုလိုက်ပါတယ်။
သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ တွေ့ဆုံစဉ် အဲဒီလို မောက်မောက်မာမာနဲ့ သူ့ကိုယ်သူ အချုပ်အခြာအာဏာပိုင် သမ္မတအဖြစ် ရည်ညွှန်းလိုက်ခြင်း ဖြစ်ပါတယ်။
ဩဂုတ် ၁၇ ရက်နေ့၊ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအပြီး မစ္စနိုလင်းဟေဇာရဲ့ ထုတ်ပြန်ချက်ဟာ တဖက်သတ်ထုတ်ပြန်ချက် ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအပေါ် ပြည်သူတွေနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေခဲ့တာကြောင့်လို့ဆိုကာ မင်းအောင်လှိုင်က သူတို့နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှု အပြည့်အစုံကို ဩဂုတ် ၂၀ ရက်နေ့ထုတ် စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေထဲ ဖော်ပြခဲ့ပါတယ်။
အဲဒီဆွေးနွေးမှုအပြည့်အစုံလို့ ဆိုတာကို ဖတ်ကြည့်တော့ နှစ်ဖက်စလုံးက ကိုယ်ပြောချင်တာ ကိုယ်ပြောပြီး ကိုယ့်ရပ်တည်ချက် ကိုယ် ထုတ်ဖော်ပြသကြတာ များပါတယ်။ သူတို့နှစ်ဦးရဲ့ စကားဝိုင်းကို မစ္စနိုလင်းဟေဇာက သံတမန်စကားတွေနဲ့ စဖွင့်ခဲ့ပါတယ်။
မင်းအောင်လှိုင်အလှည့် ရောက်တော့ သူ့ရဲ့အာဏာကို အချောင်နှိုက်ထားတဲ့ မလုံမလဲစိတ်နဲ့ နိုင်ငံတကာက အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုမှုအပေါ် ခံပြင်းဒေါသတို့ကြောင့်များလား မသိ။ စတင်စကားပြောတာနဲ့တင် သူသည် လက်ရှိအချိန်မှာ မြန်မာနိုင်ငံအစိုးရကို ဦးဆောင် တာဝန်ယူ ဆောင်ရွက်နေပါသည်တဲ့။ ပြီးတော့ ကုလအတွင်းရေးမှူးချုပ်ဆိုတာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့လိုကြောင်း၊ ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တဖက်သတ် ပြောကြားနေကြောင်း၊ အဲဒီလို ဖြစ်နေတဲ့အပေါ် အထူးကိုယ်စားလှယ်အနေနဲ့ ဘယ်လိုကျော်လွှားမလဲဆိုတာ အရင် ဖြေရှင်းဖို့လိုအပ်ကြောင်း တည့်တည့်ပြောခဲ့ပါတယ်။
ပြီးတော့ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကုလသမဂ္ဂက ဘာကြောင့် အသိအမှတ် မပြုရသလဲလို့လည်း မေးခွန်းထုတ်ပြန်တယ်။ ကိုဗစ်တတိယလှိုင်း မြန်မာနိုင်ငံမှာ ပြင်းထန်ခဲ့တယ်။ ကုလသမဂ္ဂအကူအညီ ဘာမှမရရုံတင်မက အာဆီယံရော ကုလကပါ နိုင်ငံရေးအရ ဖိအားအမျိုးမျိုးပေးခဲ့။ ကုလသမဂ္ဂမှာ စစ်အုပ်စုကိုယ်စားလှယ် ထားရှိရေး (ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်) ဟာ စစ်အုပ်စုနဲ့ ကုလကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်မှာ ပထမဆုံး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။ ပြီးတော့ အကြမ်းဖက်မှုတွေကို စစ်အုပ်စုမလုပ်၊ အကြမ်းဖက်တွေက တိုက်ခိုက်လာလို့ ပြန်လည်ခုခံရခြင်း ဖြစ်ကြောင်းလည်း မင်းအောင်လှိုင်က အတည်ပေါက် ပြောပြန်ပါတယ်။
ဆွေးနွေးပွဲမှတ်တမ်းအရ မစ္စနိုလင်းဟေဇာက သံတမန်ပီသစွာ ပျော့ပျောင်းပြကာ အမြဲမပြတ် တွေ့ဆုံဆွေးနွေးရေးကို အဆိုပြုပါတယ်။ ပြီးတော့ မင်းအောင်လှိုင်ကို မျက်နှာလို မျက်နှာရ သဘောလားတော့မသိ။ သူဟာ မြန်မာနိုင်ငံမှာ နှစ်ဖက်စလုံးက အကြမ်းဖက်မှုတွေ ပြုလုပ်နေတယ်လို့ ပထမဆုံး အသိအမှတ်ပြုသူပါတဲ့။ ပြီးတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပြည်သူ့ဆန္ဒကို ဖော်ဆောင်သွားမယ်ဆိုတဲ့ အသုံးအနှုန်းကို ပထမဆုံး သုံးနှုန်းခဲ့သူပါတဲ့။ နိုလင်းဟေဇာပြောတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုတာ မြန်မာနိုင်ငံရဲ့ ထူးခြားချက်အရ မြန်မာ့နိုင်ငံရေးထဲ စစ်တပ်ပါဝင်ရမယ်ဆိုတဲ့ စစ်တပ်ဖော်စပ်ထားပြီး ပြည်သူလက်မခံတဲ့ ဂျင်းကို ဆိုလိုလိုက်တယ်လို့ ထင်ရပါတယ်။ ထားတော့။
နိုလင်းဟေဇာက ကုလအတွင်းရေးမှူးချုပ်ရဲ့ မှာကြားချက် လေကြောင်းကနေ ဗုံးမကြဲဖို့နဲ့ ရပ်ရွာနေအိမ်တွေကို မီးမရှို့ဖို့ ဆိုလေတော့ မင်းအောင်လှိုင်က ဆတ်ဆတ်ထိမခံ။ လေကြောင်းတိုက်ခိုက်မှုမှာ သောင်းကျန်းသူတွေက လာတိုက်လို့ သူတို့ရှိရာနေရာကို တိုက်ခိုက်ခြင်းဖြစ်ပြီး ရပ်ရွာမီးရှို့ခြင်းကိုလည်း လုံးဝမလုပ်ပါလို့ အပြင်းအထန် ငြင်းဆိုလိုက်ပါတယ်။
ပြီးတော့ သေဒဏ်ထပ်မပေးဖို့ကိစ္စ။ ဆွေးနွေးပွဲမှတ်တမ်း ဖော်ပြချက်ထဲမှာ နိုလင်းဟေဇာက ‘အဆွေတော် ကိုယ်တိုင်သည်လည်း သနားညှာတာမှုရှိသည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် နောက်နောင်တွင် သေဒဏ်ချမှတ်စီရင်မည့် ကိစ္စများကို သနားညှာတာမှုရှိစွာ ဆုံးဖြတ် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်’ ဟု ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ကတော့ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကြိုးပေးတာဟာ ဥပဒေနဲ့အညီ သတ်သင့်လို့ သတ်တယ်ဆိုတဲ့သဘော ပြောကြားခဲ့သလို နောက်နောင် ကြိုးပေးတာ ထပ်မလုပ်တော့ဘူးလို့ ကတိပြုခြင်း မရှိပါဘူး။
နိုလင်းဟေဇာရဲ့ ပြောကြားချက်ထဲမှာ အခုမှသိရတဲ့ ထူးခြားချက်တရပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် မင်းအောင်လှိုင်က အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း ထည့်သွင်းပြောကြားခြင်းပါပဲ။
အဲဒီလို ပြောကြားချက်အပေါ် မင်းအောင်လှိုင်ရဲ့ တုံ့ပြန်မှုက ‘တရားဝင်ဖြစ်သည့် နိုင်ငံရေးပါတီများနှင့် အချိန်မရွေး တွေ့ဆုံနိုင်သော်လည်း နိုင်ငံတော်ကိုဆန့်ကျင်၍ အကြမ်းဖက် တိုက်ခိုက်နေသူများနှင့် ဆွေးနွေးသွားမည်ဆိုသည့် အချက်မှာ လုံးဝမဖြစ်နိုင်ပါ။ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝမဖြစ်စေရန် ၎င်းတို့ဘက်က ပထမဆုံး တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ယင်းကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးလျှင် မိမိတို့ဘက်က တွေ့ဆုံဆွေးနွေးနိုင်မည့် လမ်းစကို ရှာဖွေပေးသွားမည်ဖြစ်ပါသည်’ လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ် ပြန်လွှတ်ပေးရေး ကိစ္စကိုလည်း မင်းအောင်လှိုင်ရဲ့ တုံ့ပြန်မှုက ခပ်တင်းတင်းမာမာ။ အဆိုးဆုံးအခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က ခြိမ်းခြောက် ပြောဆိုလိုက်ခြင်းပင်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ရေး နိုလင်းဟေဇာရဲ့ တောင်းဆိုချက်အပေါ် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှု ပြီးစီးပြီးနောက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတဲ့အပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမယ်လို့ ဆိုခြင်းပါပဲ။
စစ်အုပ်စုထုတ်ပြန်တဲ့ ဆွေးနွေးမှုမှတ်တမ်းကို ကောက်ချက်ချရမယ်ဆိုရင် ကုလအထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ်ဆိုတာ နောက်တကြိမ် လုံးဝမရှိ၊ ပြီးဆုံးသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါမှမဟုတ်၊ မင်းအောင်လှိုင်အပေါ် ရိုကျိုးစွာနဲ့ မင်းအောင်လှိုင် ပြောသမျှ နားထောင်၊ မင်းအောင်လှိုင် လုပ်သမျှတွေကို လက်သီးလက်မောင်းတန်း ထောက်ခံပေးမယ်ဆိုရင်တော့ ဒုတိယအကြိမ်မြောက် နေပြည်တော်ခရီးစဉ်ဆိုတာမျိုး ရှိလာနိုင်ပါမယ်။
အကြမ်းဖက်မှုတွေရပ်ဖို့၊ လေယာဉ်နဲ့ ဗုံးမကြဲဖို့၊ ရွာတွေကို မီးမရှို့ဖို့ ဆိုတာကိုလည်း မင်းအောင်လှိုင်က သူတို့ ဒါမျိုးမလုပ်ပါဘူးလို့ အတည်ပေါက် ငြင်းဆိုချက်၊ နိုလင်းဟေဇာ နေပြည်တော်ရောက်နေချိန်ရော ဒီနေ့ထိတိုင် သူငြင်းဆိုသမျှတွေကို စစ်တပ်က ဗြောင်ကျူးလွန်နေတာကြောင့် ရှေ့ဆက်လည်း သူတို့အာဏာတည်မြဲရေးအတွက် ဆက်လက်ကျူးလွန်ဦးမှာ သေချာပါတယ်။
ပြီးတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဆိုတာကို မင်းအောင်လှိုင်က ခပ်ပြတ်ပြတ် ငြင်းဆိုခဲ့ပြန်တော့ အာဆီယံမူ ၅ ရပ်ကို လုံးဝ ထည့်မစဉ်းစားနိုင်ဘူးလို့ ပြောလိုက်သလိုပါပဲ။
နိုလင်းဟေဇာနဲ့ တွေ့ဆုံမှုကနေတဆင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင် သတင်းစကား ပါးလိုက်တာက သူလုပ်သမျှ ထောက်ခံပေးကြဖို့နဲ့ နိုင်ငံတကာ တောင်းဆိုသမျှ ဘာမှ လိုက်မလုပ်နိုင်ဘူး ဆိုတာပါပဲ။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ကန့်ကွက်နေဦးမယ်ဆိုရင် အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ် အလောင်းဖျောက်တာ မျိုးတွေလည်း ဆက်ရှိလာနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်းနေထိုင်မှု ဘဝဟာလည်း ဒါ့ထက်ပိုဆိုးလာနိုင်မယ်။ တိုင်းပြည်လည်း ဒါ့ထက်ပိုဆိုးသွားမှာ သေချာတယ်ဆိုတဲ့ အကြောင်းလည်း ဆွေးနွေးပွဲမှတ်တမ်းကနေ လှမ်းမြင်နေရပါတယ်။
ထွန်းလင်း