မကွေးတိုင်း၊ ယောဒေသ ဆောနဲ့ ထီးလင်းမြို့နယ်တွေမှာ သြဂုတ် ၂၄ ရက်နဲ့ ၂၅ ရက်တွေက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ကျောက်ထု-PDF(YRPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက “စစ်တပ်က အင်အား ၈၀ လောက်ဟာ သြဂုတ် ၂၃ ရက်ကတည်းက ပုံတောင်ထိပ်ကို ရောက်နေတာ။ ပုံတောင်မှာ စခန်းချပြီးတော့ ၂၄ ရက်မှာ တပြင်းလမ်းအတိုင်း ကျောက်ထုဘက်ကို လာတာ။ ပုံညာမှာ ၁၅ မိနစ်လောက် ခြုံခိုတိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိကျတော့ မသိရသေးဘဲ PDF တပ်ဖွဲ့ တွေဘက်ကတော့ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုစစ်ကြောင်းဟာ လယ်ဆော၊ မိအယ်ဘက်မှာ သြဂုတ် ၁၆ ရက်လောက်ကလည်း ကျောက်ထု ဘက်ကို လာတဲ့အချိန်မှာ လမ်းကနေ စောင့်ကြိုပြီးခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။
အဲဒီ သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကိုက ကျောက်ထုဒေသ တနေရာမှာ မြေမြှုပ်ထားခဲ့လို့ အလောင်းတွေကို ဖော်တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ထီးလင်းPDF-YRPA ရဲ့တပ်ရင်းမှူး ဗိုလ်လရောင်က "သြဂုတ် ၂၅ ရက်မှာ ထိတွေတိုက်ပွဲ စဖြစ်တာကတော့ YDF-ရွှေစွန်ညို တပ်ရင်းနဲ့စဖြစ်တာပေါ့။ ရွှေစွန်ညိုတပ်ရင်းက ရဲဘော် ၄ ဦး ကင်းထောက်တာမှားပြီး စစ်ကြောင်းကြားထဲမှာ ညပ်နေလို့ ပြောက်ကျားစနစ်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခဲ့တာ။ စစ်တပ်ကတော့ သေဆုံးဒဏ်ရာရ နိုင်တယ်”လို့ ပြောပါတယ်။
စစ်ကြောင်းလာတဲ့ အချိန် ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ကြောင်းက ယခုထီးလင်းမြို့ပေါ်ကို ပြန်ဝင်သွားပြီဖြစ်လို့ ရွာတွေကို ပြန်ဝင်ကြပြီလို့သိရပါတယ်။
ဂန့်ဂေါခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များလာလို့ စစ်ကောင်စီဟာ စစ်အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။