(က)
၁၃၇၅ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်။
ကားမောင်းအင်မတန်ကျွမ်းကျင်တဲ့ ကားဆရာရဲ့ အစွမ်းအစကို မချီးကျူးဘဲကို မနေနိုင်ပါဘူး။ ကျိုက်ထိုမြို့ ကားဂိတ်ကနေ တောင်တက်လမ်း တံတောင်ဆစ်ချိုးအထပ်ထပ်ကို နည်းနည်းလေးမှ အထစ်အငေါ့မရှိ တည်တည်ငြိမ်ငြိမ် မောင်းလာနိုင်ခဲ့တဲ့ ကားဆရာကို တကယ့်ကို ချီးကျူးရမှာပါ။ တလမ်းလုံး ရင်တမမနဲ့ လိုက်ပါလာခဲ့ရလို့လားတော့ မသိပါ၊ ကားဆိပ်ကို ရောက်လာပြီဆိုတဲ့ စကားသံတွေ ကြားရတဲ့အထိ အသက်ရှူမဝလောက်အောင် မောနေခဲ့ပါတယ်။
နာရီဝက်သာသာအကြာ တောင်ကြောတခုပြီးတခု တက်လာပြီးတဲ့အခါ လူတွေ စုဝေးဆူညံနေတဲ့ ကားဆိပ်တခုကို တောင်ကွေ့တခုမှာ ဘွားခနဲ တွေ့လိုက်ရပါတယ်။ ကျနော်စီးလာတဲ့ ကျိုက်ထီးရိုးခရီးသည်တင် တောင်တက်ကားက အရှိန်သိပ်မလျှော့ဘဲ ထိုးရပ်လိုက်ပါတယ်။ ကားပေါ်ကမဆင်းခင် အောက်ကိုလှမ်းကြည့်တော့ လူအုပ်ကြားထဲမှာ နိုင်ငံခြားသားတချို့ကို အထုပ်အပိုးကိုယ်စီနဲ့ တွေ့ရပါတယ်။
နိုင်ငံခြားသား ခရီးသည်လူအုပ်ကို တွေ့တော့ စာရေးဆရာ တင်နိုင်တိုးရဲ့ ကျိုက်ထီးရိုးသမိုင်း စာအုပ်ထဲက စာတပိုဒ်ကို သွားပြီး သတိရပါတယ်။ ၁၉၈၈ ခုနှစ်မှာ နိုင်ငံ ၉ နိုင်ငံက သံတမန်များ ကျိုက်ထီးရိုးရင်ပြင်ပေါ် ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကိုတွေးမိတော့ ကမ္ဘောဒီးယား တောနက်ကြီးထဲ တိမ်မြုပ်ပုန်းအောင်းနေတဲ့ အန်ကောဝပ် ဘုရားကျောင်းတော်ကြီးကို ၁၉ ရာစုနှစ်အတွင်း ပြင်သစ်နိုင်ငံသားတချို့ စတင်တွေ့ရှိခဲ့ကြတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆက်ပြီး တွေးလိုက်မိပါတယ်။
ကျနော့်အထင်တော့ ဒီကျိုက်ထီးရိုးရင်ပြင်တော်ပေါ်ကို အဲဒီသံတမန်တွေ ခြေချနိုင်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းအရဆိုရင် ကျိုက်ထီးရိုးကို ဒီအရင်က ဘယ်နိုင်ငံခြားသား တဦးတယောက်မှ ခြေမချဘူးသေးတဲ့သဘောလို့ ယူဆရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ကတော့ သည့်ထက်များစောပြီး ကျိုက်ထီးရိုးရင်ပြင်ပေါ် နိုင်ငံခြားသားတချို့ ခြေချကောင်း ခြေချဖူးခဲ့လေမလား။ သိပ်တော့ မသေချာပါ။
ကျောပိုးအိတ်ကလေး ကျောပိုးပြီး ကားပေါ်ကဆင်းတော့ ကျော ဝါးပလိုင်းကြီးတွေ လွယ်ထားတဲ့ အထမ်းသမားတချို့ ကျနော်တို့ဆီ ပြေးလာကြပါတယ်။ ကျနော့်ဘေးက နောက်က လိုက်ပါလာနေကြပါတယ်။ အစပထမတော့ ငါးယောက်လောက် ဖြစ်ပါတယ်။
ဘုရားကုန်းတော်က ဝေးသေးတဲ့အကြောင်း ကျောပိုးအိတ် ထမ်းသယ်ပေးခ တထောင်ပဲပေးပြီး အထမ်းငှားဖို့ ဝိုင်းပြောကြပါတယ်။ ကျောပိုးအိတ်က ပေါ့တဲ့အကြောင်း ကျနော့်ဘာသာ ယူသွားနိုင်တဲ့အကြောင်း သုံးလေးခါ တလမ်းလုံး ရှင်းပြပါတယ်။ ဒီလိုနဲ့ လမ်းမှာ တယောက်ပြီး တယောက် လက်လျှော့ကျန်နေရစ်ခဲ့ကြပါတယ်။
သူတို့အထဲက ဇွဲကောင်းတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးကတော့ ဘုရားကုန်းပေါ် ရောက်ခါနီးအထိ လိုက်လာပြီး သူ့တောင်းထဲ ကျနော့်ကျောပိုးအိတ် ထည့်ပေးဖို့ ပိုက်ဆံ ၂၀၀ ပဲ ပေးပါဆိုတာကို ထပ်ကာတလဲလဲ ပြောရင်း လိုက်လာပါတယ်။ ကျနော်က သူ့ကျောနောက်က တောင်းထဲ ကျောပိုးအိတ်ကို အသာထည့်ပေးလိုက်ပြီး သူ့ကို ငွေ ၂၀၀ ပေးလိုက်ပါတယ်။ ကုန်းတော်ကို မြင်နေရသည်ဖြစ်သည့်တိုင် သူ့ဇွဲကို အသိအမှတ်ပြုတဲ့အနေနဲ့၊ ပြီးတော့ သူ့ကို အကူအညီပေးတဲ့သဘောနဲ့ အခုလို လုပ်လိုက်တာပါ။
ဘုရားကုန်းတော်ပေါ်မှာ လူတွေ ခပ်စိတ်စိတ် တွေ့ရပါတယ်။ နေကွယ်ရာနေရာတွေနဲ့ အရိပ်ရရာ နေရာတွေမှာ လူတွေ စုပြုံထိုင်နေကြတာ၊ ကလေးတချို့ ပြေးလွှား ဆော့ကစားနေကြတာ၊ အထမ်းသမားတွေ ဥဒဟိုသွားလာနေကြတာ၊ အလှူခံမဏ္ဍပ်က ဓာတ်စက်သံ ဆူညံနေတာ၊ နေရောင်ခြည် တစောင်းထိုးထားတဲ့ ဘုရားရင်ပြင်တော်ပေါ်က မြင်ကွင်းဟာ ကျနော့်အတွက်တော့ တကယ့်ကို လတ်ဆတ်သစ်လွင်လွန်းနေပါတယ်။
ရင်ပြင်တော်ပေါ် ခြေချလိုက်တာနဲ့တပြိုင်နက် ပထမဦးဆုံး မှတ်မှတ်ရရ ဖြစ်စေတာကတော့ အင်မတန် လတ်ဆတ်သန့်ရှင်း အေးမြတဲ့လေကို ရှူရှိုက်လိုက်ရတဲ့ အတွေ့အကြုံပါပဲ။ နေရောင်ခြည်ကလည်း ဝင်းဝင်းဝါဝါလေး။ ဒီတော့ ရုရှားကဗျာဆရာကြီး အလက်ဇန်ဒါ ဘလော့ရဲ့ “ဝင်းပတဲ့လေ” ဆိုတဲ့ စာသားလေး ဒီနေရာကျမှပဲ ပိုပြီး ခံစားလို့ ရလိုက်သလို ဖြစ်ရပါတယ်။
အထမ်းသမား အမျိုးသမီးရဲ့ အကူအညီနဲ့ပဲ မိတ်ဆွေတယောက် လမ်းညွှန်လိုက်တဲ့ ရွှေမင်းသား ထမင်းဆိုင်ဆီ သွားပါတယ်။ ကုန်းတော်ပေါ်က ပြန်ဆင်းရပါတယ်။ ကုန်းတော်ခြေရင်းက စနစ်တကျ သမံတလင်းခင်းထားတဲ့ လမ်းဘေးက သပ်ရပ်သန့်ပြန့်တဲ့ ထမင်းဆိုင်မှာ ကျနော် တည်းခိုပါတယ်။
ကံကောင်းချင်တော့ ဒီထမင်းဆိုင်က သူတို့ဆိုင်မှာပဲ ထမင်းစားမယ်ဆိုရင် တည်းခိုခ မယူတဲ့နေ့တဲ့။ နောက်နေ့တွေဆိုရင် ဘုရားဖူးတွေ များလာတော့မှာမို့ တည်းခိုခ ယူတော့မှာဆိုပဲ။
ကမန်းကတန်း ရေမိုးချိုးပါတယ်။ သည်ထမင်းဆိုင်မှာပဲ ထမင်းစားပါတယ်။ ပြီးတော့မှ ကျီးကန်းပါးစပ်နဲ့ တခြား သွားလို့ရတဲ့ နေရာတချို့ သွားကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
(ခ)
ဘုရားကုန်းတော်ကိုဖြတ်ပြီး ကျိုက်ထီးရိုးဘုရား တည်ထားရာ ကျောက်တုံးကြီးဘက် ခဏသွားပါတယ်။
ကျောက်တုံးကြီး တင်ရှိနေရာ အောက်ခံကျောက်တုံးဆီကူးတဲ့ တံတားထိပ်မှာ လူတယောက်ချင်းစီ ဝင်ရတဲ့ လူသွားလမ်း ၂ ခုအနက်က အဝင်လမ်းအတိုင်း ကျောက်တုံးကြီးပေါ် ကူးလိုက်ပါတယ်။
ကျောက်တုံးကြီးဆီကို ကင်မရာယူသွားခွင့် မပြုဘူးဆိုလို့ ပါလာတဲ့ကင်မရာနဲ့ ကင်မရာပါတဲ့ တယ်လီဖုန်းကို အပေါက်ဝက အစောင့်ဆီမှာ ခဏအပ်ခဲ့ရပါတယ်။
ကျောက်တုံးကြီးဘေးမှာ လူတွေစုပြုံပြီး ရွှေပြားတွေ ကိုယ်စီကိုင်ပြီး ကျောက်တုံးကြီးကို ရွှေပြားကပ်တဲ့သူက ကပ်နေကြပါတယ်။ ကျောက်တုံးနဲ့ လူအရေအတွက်နဲ့က သိပ်ပြီး မမျှလောက်အောင် များနေလို့ ကျောက်တုံးပေါ် ကြာကြာမနေခဲ့ပါဘူး။ ခဏတဖြုတ် ဦးချကန်တော့ပြီး ပြန်ဆုတ်ခဲ့ပါတယ်။ ပြီးတော့မှ ကျောက်တုံးကြီးကို အောက်ကတဆင့် မော့ကြည့်လို့ရတဲ့ နေရာကျမှပဲ ဓာတ်ပုံရိုက်ဖို့ စဉ်းစားပါတယ်။
ကျောက်တုံးကြီးကို အောက်က မော့ကြည့်လို့ရတဲ့နေရာမှာ ကျနော် ရပ်ပြီး စဉ်းစားပါတယ်။ ဒီကျောက်တုံးကြီးဟာ ပင်လယ်ရေပြင်အထက် အမြင့် ၃,၆၁၅ ပေမှာ တည်ရှိနေပြီး မှတ်တမ်းအရ ပြင်းထန်တဲ့ ငလျင်တခု ကြုံခဲ့ပြီးသည့်တိုင် ပြုတ်ကျခြင်းမရှိခဲ့တဲ့ ကျောက်တုံးပါပဲ။
ကျောက်တုံးကြီးပေါ် တည်ထားတဲ့ ဘုရားစေတီကတော့ အဲဒီမြေငလျင်လှုပ်စဉ်က ပြိုကျခဲ့လို့ ဘုရင့်နောင်မင်းက အသစ်တဖန် ပြန်တည်ထားခဲ့တဲ့ဘုရား ဖြစ်ပါတယ်။
အရပ်သူအရပ်သားတွေက ထီးရိုးဝါးတွေပေါတဲ့နေရာမှာ တည်တဲ့ဘုရားမို့ ကျိုက်ထီးရိုးဘုရားလို့ (ကျိုက် ဆိုသည်မှာ မွန်ဘာသာဖြင့် ဘုရားဟု အဓိပ္ပာယ်ရှိသည်။) အမည်တွင်နေပေမဲ့ တကယ့် မူလအမည်က ကျိုက်ဣသိယို (မြန်မာလို ရသေ့ရွက်ဘုရား) ဖြစ်ပါတယ်။
ကျောက်တုံးကြီး ကျောက်စွန်းတနေရာမှာ အခုလို လာပြီး တင်နေတာကိုက သာမန်အားဖြင့်ဆိုလျှင် အံ့သြစရာပါ။ ဒီနေရာမှာ သူ့ထက်မြင့်တဲ့တောင်လည်း မရှိ၊ သူ့ထက်ကြီးတဲ့ လွတ်နေတဲ့ ကျောက်တုံး ကျောက်ပြားတွေလည်း မရှိပါဘဲ သည်လို ထီးထီးကြီး လာတင်နေတဲ့အဖြစ်ဟာ တကယ်တော့ သဘာဝရဲ့ ထူးခြားတဲ့ ဖြစ်တည်မှုတခုပါပဲ။
ကျောက်တုံးကြီးရဲ့ ကျောက်အမျိုးအစားက နှမ်းဖတ်ကျောက်အမျိုးအစား ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်များက ဆိုပါတယ်။ အောက်ခံကျောက်တိုင်ကြီးက အရှေ့ဘက်ကို အနည်းငယ် ငိုက်နေပြီး မြေကြီးထဲကိုကျတော့လည်း အနည်းငယ်ပဲ မြုပ်ဝင်နေတာပါ။
အပေါ်က စေတီတော်တည်ထားတဲ့ ကျောက်တုံးကြီးက တန်ချိန် ၆၀၀ ခန့် ရှိပါတယ်။ ရင်သပ်ရှုမောဖွယ် ဖြစ်စေတဲ့အချက်က အပေါ်က ကျောက်တုံးကြီးဟာ အောက်ခံ ကျောက်တိုင်ကြီးပေါ်မှာ တစ်စတုရန်းပေသာရှိတဲ့ ထိစပ်မှုမျိုးနဲ့ တင်ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့လည်း ကျနော်တို့ငယ်စဉ်က ကြားခဲ့ သိခဲ့ရတဲ့ သတင်းတွေအရ ကျောက်တုံးကြီးက တွန်းပြီးလှုပ်ရင် လှုပ်တယ်၊ အပ်ချည်ကြိုးကို အောက်ကထား ဟိုဘက် ဒီဘက် တွန်းပြီး ရွှေ့ယူရင် လွတ်သွားတယ်ဆိုတဲ့ စကားတွေကို ကြားခဲ့ရတာပဲ ဖြစ်မယ်ထင်ပါတယ်။
ဘူမိဗေဒပညာရှင်များရဲ့ လေ့လာချက်အရဆိုရင် ဒီကျောက်တုံးကြီးဟာ ငလျင်ကြောင့် အနည်းဆုံး တပတ်လောက်အထိ လည်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ကျောက်စွန်းတနေရာ၊ အောက်ဘက် စစ်တောင်းမြစ်ကြီးကို လှမ်းမြင်နေရတဲ့နေရာ၊ တိမ်တွေ အုပ်ဖွဲ့ရွေ့လျား ပျံသန်းတာကို ကောင်းကောင်းမြင်နေရတဲ့နေရာမှာ ခဏရပ်ပြီး ကြည့်ပါတယ်။ ဓာတ်ပုံရိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးက ကျနော် အခုရပ်နေတဲ့ ကျိုက်ထီးဘုရားရှိရာ ပေါင်းလောင်းတောင်တန်းနဲ့ နေ့တဝက်ခရီးသာဝေးတဲ့ ယွန်းစလင်းချောင်းဘေးမှာ ကျနော် ရပ်နေခဲ့ဖူးတယ်။ ကျိုက်ထီးရိုးဘုရားတည်ရှိရာ သည်ပေါင်းလောင်းတောင်ကြီးကို လှမ်းမျှော် ငေးကြည့်ခဲ့ဖူးတယ်။ တရက်ခရီးနဲ့ ရောက်တယ်၊ သွားချင်ရင် လိုက်ပို့ပေးမယ်ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး ဦးကသေးဖိုးရဲ့ စကားကို ပြန်လည်ကြားယောင်နေမိပါတယ်။ အခုတော့ ဦးကလေးဖိုးလည်း ဆုံးရှာပါပြီ။ နှစ်ပေါင်း ၂၀ နီးပါးရှိတဲ့အခါမှာ အဲဒီတုန်းက အခြေအနေမပေးလို့ သွားချင်ပေမဲ့ မသွားခဲ့ရတဲ့ ကျိုက်ထီးရိုးကို ကျနော် ရောက်လာနိုင်ခဲ့ပါပြီ။
ကျိုက်ထီးရိုးစေတီဘေးက ခွာပြီး သမိုင်းစာအုပ်ထဲက လမ်းညွှန်ချက်နဲ့ ဈေးသည်တချို့ကိုမေးပြီး ကျီးပါးစပ်လို့ လူသိများတဲ့ ကျီးတကောင်ရဲ့ နှုတ်သီးနဲ့တူတဲ့ ကျောက်စွန်းရှိရာ ဆင်းလာခဲ့ပါတယ်။ ကျီးပါးစပ် ရောက်တဲ့အထိ မိနစ်နှစ်ဆယ်လောက်တော့ ဆင်းသွားရပါတယ်။ တလမ်းလုံး ဈေးဆိုင်တွေ ထိစပ်တန်းစီနေတာဟာ နေရာလပ် မရှိလောက်အောင်ပါပဲ။ ဈေးဆိုင်တန်းတွေ အခုလိုရှိနေတော့ တောင်ရဲ့ ဘေးဘက်နဲ့ အောက်ဘက် မြင်ကွင်းတွေကိုတော့ ကြည့်လို့မရတော့ဘူးပေါ့။
ဈေးဆိုင်တွေက အစုံပါပဲ။ သည်ကြားထဲ ဟိုးပင်လယ်ကမ်းခြေမှာသာ ရှိနိုင် ရနိုင်တဲ့ ပင်လယ်ခရုမျိုးစုံကို အလှကုန်ပစ္စည်းအမျိုးမျိုး ပုံဖော်ရောင်းချနေတဲ့ ဆိုင်တွေလည်း တွေ့ရပါတယ်။ သစ်ဥ သစ်ဖု ဆိုင်တွေလည်း တွေ့ရပါတယ်။ တောတွင်းသတ္တဝါမျိုးစုံရဲ့ အရိုးအရေတွေ ခင်းကျင်းရောင်းချပါတယ်။ ဈေးသည်တွေ သူ့ထက်ငါ အလုအယက် ဈေးဝယ်ခေါ်တဲ့ အသံတွေဆိုတာ စောင်းတန်းကြီးတခုလုံး ဆူညံနေတာပါပဲ။ ဒီကြားထဲ တောင်ဆိတ်ဆီနဲ့ အခြား ဆေးဖက်ဝင် သစ်ဥသစ်ဖုနဲ့ ချက်ထားတဲ့ အကြောပြေ အရိုးဆက်တဲ့ဆေးဆိုပြီး လာသမျှလူကို အတင်းအဓမ္မ ရှေ့ကရပ်ပြီး အခမဲ့ ဆေးလိမ်း နှိပ်နယ်ပေးပါရစေဆိုတဲ့ ဈေးသည်တွေကိုလည်း တွေ့ရပါတယ်။ အသက်အရွယ် ရလာပြီဖြစ်တဲ့ ကျနော့်ကိုတွေ့တော့ အဲဒီဈေးသည်တွေက ဆွဲထိုင်ခိုင်းလုမတတ် လုပ်ကြတာကိုလည်း ကြုံရပါတယ်။
ကျီးပါးစပ်ကိုရောက်တော့ ကျီးပါးစပ်ရဲ့အောက်က ကျောက်ဂူဝမှာ လူတွေ စုပြုံနေပါတယ်။ လူတချို့က ဝါးတရိုက် မရှိတရှိအမြင့်က ကျီးပါးစပ်ကျောက်ခွက်ထဲ အကြွေစေ့ပိုက်ဆံတွေ ပစ်တင်နေကြပါတယ်။ ကျနော်က ကျောက်ဂူထဲဝင်မယ့်လူတွေနဲ့ ရောပြီး တန်းစီပါတယ်။ ကိုယ်ခန္ဓာကို တစောင်းစောင်းပြီးမှ ဝင်လို့ရတဲ့ ကျောက်ဂူထဲ ဝင်ပါတယ်။ အထဲမှာ လူဆယ်ယောက်လောက် စုပြုံထိုင်ရင် ဆန့်လောက်တဲ့ အကျယ်သာရှိတဲ့ ဂူကလေးထဲမှာ ဘုရာလေးတဆူ တင်ထားပါတယ်။ ဂူထဲအထိ မီးသွယ်ပြီး ခပ်မှုန်မှုန် မီးသီးတလုံး ထွန်းထားပါတယ်။ ကံဆိုးချင်လို့လားတော့ မသိပါဘူး။ ရေစိမ့်လောက်အောင်အေးပြီး ကျပ်ညပ်နေတဲ့ အဲဒီဂူထဲမှာ အလှူခံတရားဟောနေတဲ့ အလှူခံတယောက်ရဲ့ ရှင်းပြသလိုလို သြဝါဒပေးသလိုလို တရားကို ဆယ်မိနစ်လောက် နားထောင်ရပါတယ်။ ပြီးမှ အလှူငွေတထောင် လက်ကမ်းပြီး ပြန်ထွက်ခဲ့ရပါတယ်။
ကျီးပါးစပ်ကနေပြီး ဘုရားကုန်းတော်ပေါ် ပြန်တက်တော့ အဆင်းတုန်းကလမ်းအတိုင်း မဟုတ်ဘဲ တောင်ခါးပန်းရဲ့ အခြားတဖက်ကလမ်းအတိုင်း ပြန်တက်ပါတယ်။ ဒါကလည်း လမ်းနှစ်လမ်းရှိတယ်ဆိုတာ သိလို့တော့ မဟုတ်ပါဘူး။ ဆင်းလာခဲ့ရာ လမ်းအထင်နဲ့ တက်လိုက်တာ နောက်တလမ်းဖြစ်နေတယ်ဆိုတာ လမ်းတဝက်ကျမှ သိတာပါ။ ဆင်းလာစဉ်တုန်းက ဘယ်လိုမှ မသိသာပေမဲ့ ပြန်တက်တဲ့အခါမှာတော့ မော့တက်တွေကလည်း များပြန်၊ မြင့်ကလည်းမြင့်တော့ လမ်းခုလပ်မှာ ခဏခဏ နားရတော့တာပေါ့။ ကျေးဇူးတင်ဖို့ကောင်းတာကတော့ အတက်လမ်းဘေး လူတွေ မောလောက်ပြီထင်ရတဲ့ နေရာတိုင်းလိုလိုမှာ ခဏတဖြုတ် ထိုင်ပြီးနားလို့ရတဲ့ ဝါးတန်းလျားလေးတွေ လုပ်ပေးထားတာကတော့ တကယ့်ကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
လမ်းဘေးက ဝါးတန်းလျားလေးမှာ ထိုင်ရင်း ကျိုက်ထီးရိုးဘုရားသမိုင်းနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားကြည့်ပါတယ်။ ထူးခြားစွာ ဖြစ်တည်နေတဲ့ သည်ကျောက်တိုင်နဲ့ သည်ကျောက်တုံးကြီးကို ဘယ်သူ စတင်တွေ့ရှိနိုင်ခဲ့တာလဲ။ ဘယ်လိုကနေစပြီး တွေ့ခဲ့တာလဲ။
ပါးစပ်သမိုင်းတွေမှာတော့ တခုနဲ့တခု ကွဲပြားနေတာတွေ ရှိပါတယ်။ ထုံးစံအတိုင်း ပါးစပ်သမိုင်း ယုံကြည်ကိုးကွယ်မှုနဲ့ယှဉ်တဲ့ သမိုင်းတွေအရတော့ ကျိုက်ထီးရိုးသမိုင်းဟာ တကယ့်ကို စိတ်ဝင်စားစရာလည်းကောင်း လွမ်းမောစရာလည်း ကောင်းပါတယ်။ ဥပမာ ဂေါတမမြတ်စွာဘုရား မပွင့်မီ ဟိမဝန္တာတောမှ ဝိဇ္ဇာဓိုရ်လုလင်တဦး တောလှည့်ရာက လူယောင်ဖန်ဆင်းထားတဲ့ နဂါးမနဲ့ ရည်ငံပြီး နဂါးဥနှစ်လုံး ဥရာက သားတော်နှစ်ပါး ဖွားမြင်၊ ထိုသားတော်နှစ်ပါးအနက် တောထွက်ပြီး ရသေ့ဝတ်သည့် သားတော် တိဿရသေ့ကြီးသည် ယင်းကျိုက်ထီးရိုးစေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါတယ်။ ဒါတွေကတော့ ယုံကြည်ကိုးကွယ်မှုအပေါ် မူတည်ပြီး ယူဆလာကြတဲ့ ပုံပြင်တွေလို့ပဲ ဆိုနိုင်မလားပဲ။
စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းအစကတော့ အေဒီ ၁၅၅၆ (လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်) တွင်မှ တွေ့ရပါတယ်။ အဲဒီနှစ်မှာ ကျိုက်ထီးရိုးစေတီကို ဘုရင့်နောင်မင်းတရားက ထီးတော် တင်လှူခဲ့တယ်လို့ ဆိုပါတယ်။ အေဒီ ၁၆၉၇ ခုနှစ်အတွင်း ငလျင်ဒဏ်ခံရပေမဲ့ ဘုရားစေတီသာ ပြိုကျပျက်စီးခဲ့ပြီး ကျောက်တုံးကြီးရဲ့ မူလအနေအထားကတော့ မထိခိုက်ခဲ့ပါဘူး။ တခါ ၁၉၃၀ ခုနှစ်အတွင်းမှာလည်း ငလျင်ဒဏ် ခံရပါသေးတယ်။ ဘုရားစေတီ ထီးတော် ပြုတ်ကျသွားတာက လွဲပြီး ဘာတခုမှ အပျက်အယွင်း မရှိခဲ့ပါဘူး။
အခုဆိုရင် ငလျင်ဒဏ်ထိခဲ့တာ နှစ်ပေါင်း ၁၀၀ နီးပါး ကြာခဲ့ပြီ။ ကြံ့ခိုင်တည်တံ့နေတုန်း။
ကုန်းတော်ပေါ်ကို ပြန်ရောက်တော့ ခြေကုန်လက်ပန်းကျနေတဲ့ အနေအထားနဲ့ ရောက်လာခဲ့ရတာပါ။ အဆင်းတုန်းက မိနစ်နှစ်ဆယ်လောက်ပဲ ကြာပေမဲ့ ပြန်တက်လာတော့ တနာရီနီးပါး ကြာပါတယ်။ ဒါပေမဲ့လည်း ကုန်းတော်ပေါ်က လတ်ဆတ်အေးမြပြီး သန့်ရှင်းလှတဲ့ လေနုအေးကြောင့် ကျနော့်မှာ ပင်ပန်းတဲ့စိတ်တွေ ယူပစ်သလို ပျောက်သွားပါတယ်။
ကျိုက်ထီးရိုးမှာ နောက်ထပ် သွားရောက်လေ့လာစရာတွေ ရှိပါတယ်။ ဥပမာ… ခြောက်ထပ်ကြီးဘုရား၊ ရသေ့တောင်၊ ရေတံခွန် အစရှိတဲ့ နေရာတွေပါပဲ။ အချိန်လည်းမရ၊ မိမိကိုယ်တိုင်ကလည်း မသွားနိုင်မလာနိုင်သည့်အတွက် မသွားခဲ့ရပါ။ အချိန်ရှိသရွေ့ သဘာဝပတ်ဝန်းကျင် အလှအပများကိုသာ လိုက်လံ ဓာတ်ပုံရိုက်ခဲ့ရပါတယ်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားပွဲအပေါ် တည်မှီပြီး ပုံစံအမျိုးမျိုးနဲ့ ဘဝဝမ်းစာ ကျောင်းကြရတဲ့ လူပုဂ္ဂိုလ်အမျိုးမျိုးရဲ့ ဘဝတွေကိုဆိုရင် လုံးဝကို မလေ့လာနိုင်ခဲ့ဘူးလို့ပဲ ဝန်ခံရမှာပါ။
(ဂ)
၁၃၇၅ ခု၊ တန်ဆောင်မုန်းလဆုပ် ၃ ရက်။
မိမိလမ်းလျှောက်နေကျ ခရေပင်တန်းအောက်မှာ လမ်းလျှောက်လာခဲ့တယ်။ ဒီခရေပင်တန်းလေးအောက် မနက်တိုင်း လမ်းလျှောက်ရင်း စိတ်စရဏကို လေ့ကျင့် တည်ဆောက်တတ်ပါတယ်။ ဒီနေ့တော့ လွန်ခဲ့တဲ့သုံးရက်က မိမိသွားလာခဲ့တဲ့ ကျိုက်ထီးရိုးဘုရား အတွေ့အကြုံတချို့ကို စေ့ငုနေမိပြန်ပါတယ်။
ကျနော့်ရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးဟာ တိုတောင်းလှပါတယ်။ တညအိပ် နေ့တဝက်ပါပဲ။ ဒါပေမဲ့ ခရီးလမ်းအတွေ့အကြုံတွေ၊ သဘာဝအခင်းအကျင်း အနေအထားတွေက စွဲမက်ဖို့ ကောင်းပါတယ်။ လူသားတွေဟာ အခုလို နေရာဒေသမျိုးမှာ နေထိုင်ခွင့်ရခြင်း ခံစားပျော်ရွှင်ခွင့်ရခြင်းဖြင့် ကမ္ဘာကြီးဟာ အဓိပ္ပာယ်မျိုးစုံ ပိုမိုကြွယ်ဝလာခဲ့ရတယ်လို့လည်း တွေးနေမိပါတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)