ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်သစ်ကျေးရွာနာမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၅ ယောက် သေဆုံးတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၄ ရက် ညနေ ၄ နာရီခွဲလောက်က ငွေတောင်သစ်ကျေးရွာနားကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတဲ့ တပ်မ ၆၆ ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)နဲ့ မဟာမိတ်ဖြစ်တဲ့ DMO PDF ဗျူဟာ ၃ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သလို ဩဂုတ် ၂၅ ရက် မနက် ၁၁ နာရီမှာ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု များပြားနိုင်တယ်လို့ KRU က ပြောပါတယ်။
KRU တာဝန်ရှိသူက “ငွေတောင်ရွာသစ် ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ ၁ ပတ်လောက်ရှိပြီ။ ဩဂုတ်လထဲမှာ တပ်မ ၆၆ က လက်နက် အပြည့်အစုံ နဲ့ အင်အား ၂၀၀ ဖြည့်ပြီး စစ်ကြောင်း ထိုး လာတာ။ ဒီးမော့ဆို တခွင်ကို စစ်ကြောင်း အကြီးအကျယ်ထိုးမယ်လို့ ကြားထားပါတယ်။ တကယ်လည်း စစ်ကြောင်းထိုးနေပါပြီ။ ရှေ့ဆက်ပြီး တိုက်ပွဲက ပိုပြင်းထန်လာဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေကို ငွေကြေးထောက်ပံ့ပေးကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က အလှူခံထားပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။