ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၆ ယောက်ကို ကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၂၄ ရက်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ကာ ဥရုချောင်းအတွင်း ပစ်ချလိုက်တယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတယောက်က ပြောပါတယ်။
ပုန်းခိုနေတဲ့ရွာသားး ၆ ယောက်ဟာ ဩဂုတ် ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရကာ ၂ ရက်လောက် ခိုင်းစေခံရပြီးနောက် အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတယောက်က “ရွာထဲမှာ ပုန်းခိုကျင်းတူးပြီး ပုန်းခိုကျန်ရှိနေတဲ့ ပြည်သူ ၆ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ဥရုချောင်းထဲ မျှောပစ်လိုက်တယ်။ သူတို့(စစ်ကောင်စီတပ်)က ဆယ်ဇင်းမှာ ပြည်သူတွေ ပစ်ထားခဲ့တဲ့ ပစ္စည်းတွေကို သုံးဘီးနဲ့ သယ်ခိုင်းတယ်။ သယ်ခိုင်းပြီးတော့ သတ်ပစ်လိုက်တာ” လို့ ပြောပါတယ်။
သတ်ဖြတ်အလောင်းဖျောက်ခံရသူ ရွာသား ၆ ယောက်ထဲမှာ ကျော်ဇောနဲ့ အိုက်ခဲတို့ နှစ်ယောက်ရဲ့ နာမည်ကိုသာ သိရှိရပြီး ကျန် ၄ ယောက်ရဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ အခုလတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကာ စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။