ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတူးဖော်ရေးအနီးက ဆည်ကြီးရွာ၊ ကုန်ကယားရွာနဲ့ မန်တုံမြို့ကြားမှာ သြဂုတ် ၂၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“စစ်တပ်က ရွာသားတွေဆီက ရိက္ခာတွေ အဓမ္မတောင်းလို့ ရွာသားတွေက မပေးနိုင်ဘူး။ အဲ့ဒါကို KIA ကသိတော့ ရွာသားတွေကိုကာကွယ်ဖို့ စစ်တပ်ကိုသွားတိုက်တာ။ တိုက်ပွဲမှာ PDFလည်းပါတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူများတာကြောင့် နမ္မတူမြို့အခြေ စိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးသလို ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။