နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံးမှာ သြဂုတ် ၂၄ ရက် ည ၈ နာရီက ဗုံးလေးကြိမ်ပေါက်ခဲ့ပြီး ရဲတယောက်နဲ့ ရုံးစောင့်တယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာအနီးရှိ ဒက္ခိဏခရိုင် တရားရုံးမှာ မနေ့ည ၈ နာရီက ဗုံးလေးကြိမ် ဆက်တိုက်ပေါက်ခဲ့တာလို့ ကျေးရွာနေသူတယောက်က ပြောပါတယ်။
“ဗုံးက တလုံးကို ငါးမိနစ်စီပဲ ခြားတယ်။ ပေါက်တာ ထောင်ထားလို့ ပေါက်တာမဟုတ်ဘဲ ဗုံးနဲ့ပစ်နေသလိုမျိုး ပေါက်တာ။”
ဒက္ခိဏခရိုင် တရားရုံးကို ကားတစီးနဲ့ အမည်မသိ အမျိုးသားတွေက ဗုံးတွေနဲ့ လေးကြိမ်တိတိ ပစ်ခတ်ခဲ့ရာ အဆောက်အဦတချို့၊ ရဲတပ်ဖွဲ့ဝင်တယောက်နဲ့ ရုံးစောင့်တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အဆောက်အဦလည်း ပျက်စီးသွားတယ်။ ရဲဒုတပ်ကြပ်တဦးရယ်၊ ရုံးစောင့်ဝန်ထမ်းရယ် ဒဏ်ရာရတယ်။ အခု ဆေးရုံပို့ထားရတယ်။”
ဒဏ်ရာရရှိသူ နှစ်ယောက်ကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်တွေနဲ့ လာရောက်သယ်ဆောင်ကာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အောင်သုခကျေးရွာနေသူတွေက ပြောပါတယ်။
လတ်တလောမှာ တရားရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။