တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတဦးကပြောပါတယ်။
သြဂုတ် ၂၄ ရက်၊ မနက် ၈ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ (ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က နှစ်ယောက် သေဆုံးခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဘက်က စစ်ကူလာတာမျိုးမရှိပေမယ့် တိုက်ပွဲဖြစ်ပွားရာ နေရာကနေ ၅ မိုင်လောက်ဝေးတဲ့ ပုလောအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၅ ကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို တိုက်ခိုက်ခံခဲ့ရပေမယ့် တပ်စွဲထားတဲ့နေရာကို အင်အားထပ်မံဖြည့်တင်းလာတာမျိုးတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။
ပုလောကုန်ကျေးရွာမှာ စစ်အာဏာသိမ်းပြီး မကြာခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်လောက် လာရောက်တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ပုလောကုန်းရွာသားတချို့ကတော့ အဲဒီ မတ် ၁၆ ရက် တိုက်ခိုက်မှုမဖြစ်ခင်ကတည်းက ရှောင်တိမ်းနေကြပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာတော့ ရွာလုံးကျွတ်နီးပါး ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။